ကြာအင်းဆိပ်ကြီးရှိ လျှပ်စစ်ဓါတ်အားခွဲရုံအား အမေရိကန်ထုတ် ရှေ့ထွက်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီဘက်တွင် သိန်းပေါင်း ၁၅,၀၀၀ ကျော် ဆုံးရှုံး 

By YT (မဇ္ဈိမ)
09 July 2023
ကြာအင်းဆိပ်ကြီးရှိ လျှပ်စစ်ဓါတ်အားခွဲရုံအား အမေရိကန်ထုတ် ရှေ့ထွက်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီဘက်တွင် သိန်းပေါင်း ၁၅,၀၀၀ ကျော် ဆုံးရှုံး 
ဓါတ်ပုံ - မိုင်းခွဲတိုက်ခိုက်ခံရသော ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓါတ်အားခွဲဝေရုံ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓါတ်အားခွဲဝေရုံးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က အမေရိကန်ထုတ် ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)က ယနေ့ ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်သည်။  

" ဒီလျှပ်စစ်ခွဲဝေရုံကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ရတယ်ဆိုတာက စစ်ကောင်စီရဲ့ သူတို့လုံခြုံရေး အတွက်သုံးတဲ့မီးတွေ၊ CCTV တွေ အဲ့ဒါတွေကို တားဆီးရာရောက်တယ်။ ပြီးတော့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးပစ္စည်းတွေအတွက်ကလည်း ဒီလျှပ်စစ်ခွဲဝေရုံကနေပဲ မီးသုံးနေတာပေါ့။ အဲ့ဒါကြောင့် ဒီလျှပ်စစ်ဓါတ်အားခွဲဝေရုံကို မိုင်းခွဲတိုက်ခိုက်တာဖြစ်ပါတယ်" ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့၊ နံနက် ၈ နာရီ ၂၀ မိနစ်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ မင်္ဂလာကုန်းကျေးရွာအနီးရှိ လျှပ်စစ်ဓါတ်အားခွဲရုံကို KNLA၊ SOF၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့က အမေရိကန်ထုတ် A1 ရှေ့ထွက်မိုင်းလေးလုံး အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ထိုကဲ့သို့ ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ခံရမှုကြောင့် အဆိုပါရုံအတွင်း သုံးနာရီနီးပါး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၁ နာရီ ၃၀ မိနစ်တွင် ေမီးငြှိမ်းသက်နိုင်ခဲ့ကြောင်းနှင့် ပျက်စီးမှုများသည် ငွေကျပ် ၁,၅၃၇,၈၀၀,၀၀၀ ( သိန်းပေါင်း တစ်သောင်းငါးထောင်သုံးရာခုနစ်ဆယ့်ရှစ်သိန်း)ရှိကြောင်း စစ်ကောင်စီတပ်​၏ ပြန်ကြားရေး တယ်လီဂရမ်ချန်နယ်များက ဇူလိုင်လ ၈ ရက်နေ့က ဖော်ပြထားသည်။ 

အဆိုပါ လျှပ်စစ်ဓါတ်အားခွဲရုံသည် ပြည်သူများအား မီးပေးနေခြင်းမဟုတ်ဘဲ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ ဆက်သွယ်ရေး၊ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအား အဓိကထား လျှပ်စစ်ဓါတ်အား ခွဲဝေပေးနေသော စစ်ကောင်စီထောက်တိုင်တစ်ခုဖြစ်၍ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ 

" ဒီလျှပ်စစ်ဓါတ်အားခွဲရုံက ပြည်သူကိုမီးပေးတာ မဟုတ်ဘူး။ ရုံးတွေ လျှပ်စစ်မီးရဖို့အတွက်၊ ဆက်သွယ်ရေးစက်တွေ၊ လုံခြုံရေး CCTV တွေအတွက်နဲ့ စစ်ကောင်စီတပ်ရင်း၊ ဗျူဟာကုန်းတွေအတွက် သုံးတာပေါ့"ဟု ကိုအောင်စံရှားက ဆက်လက်ပြောဆိုသည်။ 

KNLA၊ SOF၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့အနေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်​၏ စစ်ဘက်ဆိုင်ရာတပ်ရင်း၊ တပ်စခန်း၊ ရဲစခန်းများ၊ ရုံးများ၊ အုပ်ချုပ်ရေးယန္တရား ပျက်သုဉ်းသည်အထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကိုအောင်စံရှားက ဆိုသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ တောင်ကလေးကျေးရွာရှိ တောင်ကလေးရဲစခန်း၊ ဇူလိုင်လ ၇ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ရဲစခန်းတို့အား KNLA၊ SOF၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့က ၆၀မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး  အဆိုပါ စစ်ဆင်ရေးများအတွင်း ရဲနှစ်ဦး၊ စစ်သားတစ်ဦး သေဆုံး၍ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required