ရုရှခရီးစဉ်၌ ‘မိတ်ဆွေရင်း’ ပူတင်နှင့် နီးကပ်သော ဆက်ဆံရေးကို ရှီကျင့်ဖျင်က အလေးထား ဖော်ပြ 

ရုရှခရီးစဉ်၌ ‘မိတ်ဆွေရင်း’ ပူတင်နှင့် နီးကပ်သော ဆက်ဆံရေးကို ရှီကျင့်ဖျင်က အလေးထား ဖော်ပြ 

ရုရှနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ် ပထမနေ့အဖြစ် ရောက်ရှိလာသော ရှီကျင့်ဖျင်နှင့် ဗလာဒီမာပူတင်တို့ တွေ့ဆုံကြရာတွင် တရုတ်နှင့် ရုရှကြား နီးကပ်သော ဆက်ဆံရေးနှင့် မဟာဗျူဟာ ဆက်ဆံမှုတို့ကို အမွှမ်းတင် ပြောဆိုကြသည်။ ရှီကျင့်ဖျင်၏ ယခု ရုရှခရီးစဉ်ကို ယူကရိန်းနှင့် အနောက်အုပ်စုတို့က လွန်မင်းစွာ သံသယရှိနေသော်လည်း ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စီမံချက်တစ်ရပ်အဖြစ် တရုတ်က ပြောဆိုထားသည်။ 

ပြီးခဲ့သည့်နှစ်က ယူကရိန်းအား ရုရှက အကြောင်းမဲ့ ကျုးကျော်တိုက်ခိုက်ချိန်မှစကာ ပထမဆုံးအဖြစ် တရုတ်ခေါင်းဆောင် ရုရှသို့ ရောက်ရှိလာခြင်းလည်းဖြစ်ကာ ယူကရိန်းတွင် စစ်ရာဇဝတ်မှု ကျုးလွန်သည်ဟု ရုရှသမ္မတအား နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး ICC က စွဲဆိုလျက် ဖမ်းဝရမ်း ထုတ်ထားပြီး ရက်ပိုင်းမှာလည်း ဖြစ်သည်။  

၎င်းတို့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစမှာပင် ယူကရိန်းစစ်ပွဲအရေးက ပြောဆိုကြပြီး ယင်းစစ်ပွဲသည် ရှီကျင့်ဖျင်၏ ခရီးစဉ်တစ်လျှောက် ဆွေးနွေးမည့် အဓိကအရေး ဖြစ်ဖွယ်ရှိသည်။ လူထောင်ပေါင်းများစွာ သေဆုံးပြီး ကြီးမားသော လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်း ဖြစ်ပေါ်စေသော ယူကရိန်းစစ်ပွဲအပေါ် ဖြစ်လာနိုင်ခြေရှိသော သက်ရောက်မှုအတွက် ရှီကျင့်ဖျင်၏ ခရီးစဉ်ကို အနီးကပ် စောင့်ကြည့်လျက် ရှိကြသည်။ 

တနင်္လာနေ့က ခေါင်းဆောင်နှစ်ဦးကြား ဆွေးနွေးမှုသည် လေးနာရီခွဲ ကြာမြင့်ကြောင်း ရုရှနိုင်ငံပိုင် RIA Novosti သတင်းဌာနက ဖော်ပြသည်။ နောက်ထပ် တရားဝင် တွေ့ဆုံမှုများက အင်္ဂါနေ့တွင် ဆက်လက်ရှိမည်ဟု ခန့်မှန်းရသည်။ 

“ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ တရုတ်နိုင်ငံဟာ အလွန်ကြီးမားစွာ တိုးတက်ခဲ့တယ်”ဟု ကရင်မလင်တွင် တနင်္လာနေ့ နေ့လယ်ပိုင်း ဘေးချင်းယှဉ်ထိုင်ကြရင်း ပူတင်က ရှီကျင့်ဖျင်အား ပြောသည်။ “ကမ္ဘာတစ်ခုလုံးဟာ တရုတ်အပေါ် စိတ်ဝင်စားလာသလို မနာလို မရှုဆိတ်တာတွေလည်း ရှိလာတယ်”ဟု ပူတင်က ဆိုသည်။ 

ပူတင်အား “မိတ်ဆွေရင်း” ဟု ခေါ်ဆိုသော ရှီကျင့်ဖျင်ကလည်း ရုရှခေါင်းဆောင်ကို အပြန်အလှန် ချီးမွှမ်းပြီး ရုရှနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် သိသိသာသာ မြင့်တက်လာကြောင်း ပြောဆိုသည်။ 

“နှစ်ဖက်စလုံးဟာ ယူကရိန်းအရေးမှာ အပြန်အလှန် အမြင်ချင်း ဖလှယ်ခဲ့ကြတယ်”ဟု တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက နောက်ပိုင်းတွင် သတင်းဖော်ပြပြီး ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုသည် “နက်ရှိုင်းပြီး ပွင့်လင်းကြောင်း” ဖော်ပြသည်။ 

ယူကရိန်းပဋိပက္ခအား ဖြေရှင်းရေးတွင် အဓိက ထောက်ခံအားပေးသူအဖြစ် ကိုယ်ကိုကို ရပ်တည်ထားသည့် တရုတ်နိုင်ငံသည် ယခု ခရီးစဉ်ကို “မိတ်ဖက်ပြုမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေးတို့အတွက် ခရီးစဉ်” အဖြစ် ဖော်ပြထားသည်။ 

သို့ရာတွင် ယူကရိန်းစစ်ကြောင့် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရသော ရုရှခေါင်းဆောင်ကို အားပေးအားမြှောက် ပြုရာအဖြစ် အနောက်နိုင်ငံအချို့က ရှီကျင့်ဖျင်၏ ခရီးစဉ်ကို ရှုမြင်ထားဖွယ် ရှိနေသည်။ 

ယခု ခရီးစဉ်သည် ယူကရိန်း၌ ရုရှတို့၏ ရက်စက်မှုများကို “သံတမန်ရေး အကာအကွယ်” ပေးရန် တရုတ်၏ ရည်ရွယ်ချက်ကို ပြသနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ပြောသည်။ 

“ICC ကနေ သမ္မတ ပူတင်ကို ဖမ်းဝရမ်း ထုတ်ပြီး ရက်ပိုင်မှာပဲ သမ္မတ ရှီကျင့်ဖျင်ရဲ့ ရုရှဆီ သွားရောက်တာက ယူကရိန်းမှာ ရက်စက်မှုတွေ ကျုးလွန်တဲ့ ရုရှကို တာဝန်ခံခိုင်းဖို့ တရုတ်မှာ ဆန္ဒရှိမနေဘူးဆိုတာ ပြသနေတာပဲ၊ ရှုတ်ချတာမျိုးတောင် မရှိဘူး၊ ဒါဟာ ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေ ဆက်ကျုးလွန်ဖို့ ရုရှအပေါ် သံတမန်ရေး အကာအကွယ်ပေးတာပဲ ဖြစ်လိမ့်မယ်”ဟု ၂၀၂၂ လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတွင် ဘလင့်ကင်က ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly