လမိုင်းမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးမှန်ပြီး အဘွားအို အူပွင့်ဒဏ်ရာရ

By ဂျူချန်း (မဇ္ဈိမ)
06 March 2023
လမိုင်းမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးမှန်ပြီး အဘွားအို အူပွင့်ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ အောင်သာယာ ကျေးရွာတွင် စစ်ကောင်စီတပ် အမြောက်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် အဘွားအိုတစ်ဦး အူပွင့်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ရေးမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၃၁၇) အမြောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် အောင်သာယာကျေးရွာ၌ မတ်လ ၅ ရက် မွန်းလွဲ ၂ နာရီဝန်း ကျင်ခန့်တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇၈ နှစ်အရွယ် အဘွားအို၏ ဗိုက်တွင် ပြတ်ရှဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဗိုက်မှာ ပြတ်ရှဒဏ်ရာရပြီး အူတွေတစ်ထုပ်လုံးထွက်ကျလာတယ်။ ဒဏ်ရာကတော့စိုးရိမ်ရတယ်။ အဘွားက ဘယ်ဘက်ခြမ်းပေါင်နဲ့ ညာဘက် တံတောင်မှာလည်း ထိသွားတယ်။ ကျနော်အသံကြားတာတော့ လက်နက်ကြီးက လေးလုံးကြားတယ်။ အဘွားက ခြံဝင်းထဲမှာရှိနေရင်းနဲ့ လက်နက်ကြီးက အနားမှာ ကျတော့ ထိသွားတာပါ” ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အဘွားအား TPR Rescue သောင်ပြင်လူမှုကယ်ဆယ်ရေး အသင်းနှင့် ရွှေဟင်္သာလူမှုကူညီရေးအသင်းတို့ ပူးပေါင်းကာ လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အောင်သာယာရွာအနီးတွင် လောလာဆယ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီအမြောက်တပ်က ဦးတည်ရာမဲ့ ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ဒီတစ်လောတိုက်ပွဲဖြစ်ထားတာမျိုးတော့ မကြားဘူး၊လက်နက်ကြီးကျတာတော့ဟုတ်တယ်” ဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ အမတ (၃၁၇) မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အောင်သာယာ ကျေးရွာရှိ အရပ်သားနေအိမ် နှစ်လုံး ပျက်စီးခဲ့သကဲ့သို့ စုစည်းမြိုင်ရွာ ဘုန်းတော် ကြီးကျောင်းမှ အသက်ဆယ်နှစ်ဝန်းကျင် ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

စာတည်း။ ။ နောင်နောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required