ဘားအံတွင် ကျောင်းထိုင်ဆရာတော်နှင့် ဒကာ၊ ဒကာမ ၃ ဦး ဖမ်းဆီးခံရ 

ဘားအံတွင် ကျောင်းထိုင်ဆရာတော်နှင့် ဒကာ၊ ဒကာမ ၃ ဦး ဖမ်းဆီးခံရ 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ဘားအံ-ကော့ကရိတ် လမ်းမပေါ်ရှိ ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) သတင်းသုံးခဲ့သော ဝုမုတ္တိသုခဝိဟာရ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် ကျောင်းဝေယျာဝစ္စတာဝန်ယူထားသော ဒါယကာ နှစ်ဦး၊ ဒါယိကာမ တစ်ဦးတို့  ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ 

" ဖမ်းခံရတာ ၂၆ ရက်နေ့ကတည်းက၊ ဘုန်းကြီးတွေအရင်ဆုံး ဝင်လာတယ်ပြောတယ်၊ အဲ့ဒါတော့ ကျွန်တော်တို့မတွေ့တော့ သေချာမပြောပြတတ်ဘူး။ ကျွန်တော်တို့ သေချာပြောပြနိုင်တာကတော့ ကျောင်းထဲ ကားတွေဝင်လာပြီး ခဏနေတော့ အဖမ်းခံရတာပဲ။ အခုတော့ ကျောင်းထဲမှာ BGF တွေ ရှိနေတယ်" ဟု ဘားအံ သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။ 

အဖမ်းခံရသည့်ဖြစ်စဉ်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ၌ ဦးပဉ္စင်းတချို့ ဝိမုတ္တိဘုန်းကြီးကျောင်းအတွင်းသို့ ခေတ္တတည်းခိုရန် ဝင်လာခဲ့ပြီး၊ ထို့နောက်တွင် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ BGF တပ်သားများ ကား လေးစီးဖြင့် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ 

ဖမ်းဆီးပြီး ပြန်သွားချိန်တွင် ကားပေါ်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နှင့် တည်းခိုရန်လာသော ဦးပဉ္စင်းများ ကျောင်းထဲတွင် ကျန်ရစ်ခဲ့ကြောင်း၊ တည်းခိုရန်လာသော ဦးပဉ္စင်းများသည် မ.ဘ.သ ( အမျိုးသား၊ဘာသာ၊သာသနာ စောင့်ရှောက်ရေး အဖွဲ့) ဘုန်းကြီးများဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ 

အဖမ်းခံလိုက်ရသည့်အချိန်မှစ၍ ဖမ်းခံရသည့်အကြောင်းအရင်းအား မသိရသလို ဆရာတော်အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို ယခုအချိန်ထိ အစအနပင် မသိရကြောင်း ထိုဒေသခံကပြောသည်။ 

ဖမ်းဆီးခံရသော ဆရာတော်​၏ ဘွဲ့နာမည်မှာ ဥူးတိလောက ဖြစ်ပြီး ဝိမတ္တိသုခဝိဟာရကျောင်း၌ သီတင်းသုံးနေထိုင်ခဲ့သည်မှာ ငါးဝါခန့်ရှိပြီဖြစ်ကာ အဖမ်းဆီးခံ ဒါယကာနှစ်ဦးနှင့် ဒါယိကာမသည်လည်း ဤကျောင်းတွင် ကူညီလုပ်ကိုင်ပေးကြသည်မှာ နှစ်ချီနေပြီဟု သိရသည်။ 

ကျောင်းထိုင်ဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမ သုံးဦးအား ဖမ်းဆီးပြီးချိန်မှစ၍ ဝိမုတ္တိသုခဝိဟာရကျောင်းအတွင်း၌ မ.ဘ.သ ဆရာတော်များ သီတင်းသုံးနေပြီး စစ်ကောင်စီ လက်အောက်ခံ BGF တပ်မှလည်း လုံခြုံရေးအပြည့်ချထားကြောင်း ဒေသခံတစ်ဦး​၏ ပြောကြားချက်အရ သိရသည်။ 

ထို့အပြင် ဘားအံမြို့ရှိ မ.ဘ.သ ဆရာတော်တစ်ပါးဖြစ်သူ စောကြယ်ဖြူဆိုသည့်အကောင့်မှ ဝိမုတ္တိသုခဝိဟာရ ကျောင်းတိုက်အတွင်းမှ အပြင်ဘက်မုခ်ဝသို့ မြင်ရသော ဓါတ်ပုံတစ်ပုံအား ၎င်း​၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖြန့်ဝေထားကြောင်း တွေ့ရသည်။ 

ဝိမုတ္တိသုခဝိဟာရကျောင်းအား ၂၀၁၅ ခုနှစ်တွင် ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်သည် စစ်ကောင်စီအာဏာသိမ်းမှုအား ဆန့်ကျင်ခဲ့သဖြင့် စစ်ကောင်စီတပ်မှ လိုက်လံရှာဖွေမှုကြောင့် ၂၀၂၁ ခုနှစ်ကတည်းက လွတ်မြောက်ရာနေရာသို့ 
တိမ်းရှောင်ခဲ့ရပြီး ဆရာတော်သည် ယခုကာလများတွင် လွတ်မြောက်နယ်မြေမှတစ်ဆင့် တရား၊ဓမ္မ အဆုံးအမများအား မျှဝေလျက်ရှိကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

ဓါတ်ပုံ - စောကြယ်ဖြူအကောင့်မှ မျှဝေထားသော ဝိမုတ္တိသုခဝိဟာရကျောင်းတိုက် မုဒ်ဦးပုံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required