ဖယ်ခုံတွင် စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက် ၁၀နှစ်အရွယ်ကလေးငယ်အပါအဝင် ၅ ဦး ပြင်းထန်ဒဏ်ရာရ

By ဂျူချန်း(မဇ္ဈိမ)
06 May 2023
ဖယ်ခုံတွင် စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက် ၁၀နှစ်အရွယ်ကလေးငယ်အပါအဝင် ၅ ဦး ပြင်းထန်ဒဏ်ရာရ
ဓါတ်ပုံ-ကမ်းလက်ပရဟိတ

ရှမ်း-ကရင်နီနယ်စပ်တွင်ရှိသည့် ဖယ်ခုံမြို့၊ လန်းကောကျေးရွာအား ယနေ့ မေလ ၆ ရက်နေ့ နံနက် ၄နာရီခန့်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦးနှင့် အရပ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာများရရှိကာ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းနှင့် ပြည်သူနေအိမ်များ ပျက်စီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များမှ သိရသည်။

“ရွာသားတွေ သတင်းပေးပို့ချက်အရ တစ်ကြိမ် မနက်လေးနာရီမှာ လာကြဲသွားတယ်။ ဘုရားကျောင်းနဲ့ နေအိမ်သုံးလုံး ထိတယ်။ ရမ်းသန်းလျှောက်ကြဲတာ။ လန်းကောလိုရွာမျိုးက ဘာမှလည်း တိုက်ပွဲမဖြစ်ဘူးပေါ့နော်” ဟု Union Karenni State Youth_UKSY ၏ တွဲဖက်အတွင်းရေးမှုး(၁) မှ မဇ္ဈိမ ကိုပြောသည်။

လက်တလောတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့၌ ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲဖြစ်ပွားမှု ရှိသော်လည်း အဆိုပါလန်းကောကျေးရွာအနီးတွင်မူ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။

 “သေချာတာကတော့ တိုက်ပွဲမရှိဘဲ အသားလွတ် လိုက်ကြဲနေတာ” ဟု The Tech Supproting Squad-T2S2 အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့နံနက်ပိုင်း၌ တောင်စလုံးကျေးရွာတွင်လည်း စစ်ကောင်စီတပ်မှ ထပ်မံဗုံးကြဲခဲ့သော်လည်း အသေးစိတ်ကိုမူ မသိရသေးကြောင်း ဖယ်ခုံအခြေစိုက် စစ်ဘေးရှောင် ကူညီနေသူဆီက သိရသည်။

“တောင်စလုံးဖက်တော့ ထိခိုက်မှုရှိတယ်ပြောပါတယ်။ ကျမတို့သတင်းအချက်အလက်တော့ အကုန်မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

ယမန်နေ့ မေလ ၅ ရက်နေ့ နံနက် ၄နာရီခန့်တွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဖယ်ခုံမြို့အနောက်ခြမ်းရှိ ကျေးရွာ တစ်ရွာအား ပေါင် ၅၀၀ ဗုံး သုံးကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး ၅နာရီမှ ၆နာရီခွဲအထိ တောင်စလုံးကျေးရွာသို့ ဂျက်ဖိုက်တာနှစ်စီးဖြင့် ၁၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း KNDF-B11 မှ ထုတ်ပြန်ထားသည်။ 

အဆိုပါ ဗုံးသံများကြောင့် ပြည်သူနှစ်ဦး မျက်လုံးနှင့် နားများမှ သွေးယိုစီးသည့် ဒဏ်ရာများ ရရှိခဲ့ကာ နေအိမ် ၃၁ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဆိုသည်။

အဆိုပါ မေလ ၅ ရက်နေ့တွင်ပင် ဖယ်ခုံမြို့၊ ခေါင်အိကျေးရွာ၌ နံနက် ၅နာရီခွဲတွင် လေးကြိမ်၊ ညနေ ၃နာရီခန့်တွင်တစ်ကြိမ် ဂျက်ဖိုက်တာနှစ်စီးမြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNDF-B11 မှ ယမန်နေ့ တွင် ထုတ်ပြန်ထားသည်။ 

ယမန်နေ့ မေလ ၅ ရက်နေ့နှင့် မေလ ၆ ရက်နေ့ နှစ်ရက်တာအတွင်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အကြိမ် ၃၀ ခန့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု UKSY မှ တွဲဖက်အတွင်းရေးမှူး(၁) မှ ပြောသည်။

“တစ်နေကုန်ပတ်ကြဲတယ်ပေါ့လေ။ မနေ့ကလည်း ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်တစ်ကြောမှာ လေယာဉ်နဲ့ လာကြဲတာရှိတယ်။ မြို့နယ်နှစ်ခုပေါင်းဆိုရင် ၃၀ မက အကြိမ် ၃၀ကျော်ရှိမယ်လို့ မြင်တယ်။ ဘယ်လောက် ထိခိုက်လဲအသေးစိတ်ကိုတော့ ကျမတို့ မသိဘူးပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာနေသဖြင့် လေကြောင်းဖြင့် ပိုမိုတိုက်ခိုက်လာခဲ့ရာ ဧပြီလအတွင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ၁၀၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး လေကြောင်းဒဏ်နှင့် လက်နက်ကြီးဒဏ်များကြောင့် အရပ်သား နှစ်ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၂၀ကျော်၊ ဆေးရုံ နှစ်ရုံ၊ ဆေးပေးခန်း နှစ်ခု နှင့် ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း ပျက်စီးခဲ့ရကြောင်း KNDF မှ မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဧပြီလအတွင်းတွင် ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်တို့၌ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ကြား ၇၀ ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရာရှိ တပ်ကြပ်ကြီးများအပါအဝင် စစ်သား ဦးရေ ၇၀ နီးပါး သေဆုံးခဲ့ကာ စစ်သားနှစ်ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required