လူးရတနာသိုက် ရုပ်ရှင် ဇာတ်ကားကြီးပြသ

လူးရတနာသိုက် ရုပ်ရှင် ဇာတ်ကားကြီးပြသ

ရန်ကုန် ၊ မတ် ၁၇ ။         ။ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူး ပုံဖော် ထားသည့် လူးရတနာသိုက် အမည်ရှိ အဆင့်မြင့် ရုပ်ရှင် ဇာတ်ကားကြီး ကို မတ် ၁၈ရက် မှ စတင်ပြီး ရန်ကုန်မြို့ရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် စတင် ပြသ တော့မည် ဖြစ်သည်။

လူးရတနာသိုက် ရုပ်ရှင် ဇာတ်ကားကြီးကို Golden Mountain ရုပ်ရှင် ထုတ်လုပ်ရေးမှ စီစဉ် ရိုက်ကူးခြင်း ဖြစ်ပြီး ဇာတ်လမ်း ရီရီဌေး ၊ ဇာတ်ညွှန်း နေစိုးသော်  ဖြစ်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) မှ ရိုက်ကူး ပုံဖော် ထား ခြင်း ဖြစ်သည်။

သရုပ်ဆောင်များ အဖြစ် ကျော်ရဲအောင် ၊ နေမင်း ၊ ကောင်းပြည့် ၊ သားညီ ၊ စိုးမြတ်သူဇာ ၊ သက်မွန်မြင့် ၊ ဆောင်းအိန္ဒြေထွန်း ၊ ဖူးဖူး ၊ အောင်ခိုင် ၊ ကိုပေါက် ၊ ဖူးပွင့်သခင် နှင့် အခြား အနုပညာရှင် များစွာမှ ပါဝင် သရုပ်ဆောင် ထားကြသည်။

ဇာတ်လမ်း အမျိုးအစားမှာ သမိုင်းနောက်ခံ ၊ ချစ်ခြင်း မေတ္တာဘွဲ့ ဇာတ်လမ်း အမျိုးအစား ဖြစ်ပြီး သမိုင်းကြောင်း အစစ်အမှန် မဟုတ်သော်လည်း မြန်မာတို့၏ ရှေးခေတ် သမိုင်း အမွေအနှစ် များနှင့် ပြည်သူတို့၏ တိုင်းပြည် အပေါ် သစ္စာရှိပုံကို ဖော်ကျူး ထားခြင်း ဖြစ်သည်။

ဇာတ်လမ်း ရည်ရွယ်ချက် မှာ သမိုင်းကြောင်း အစစ်အမှန် မဟုတ်သော်လည်း မြန်မာတို့၏ ရှေးခေတ် သမိုင်း အမွေအနှစ် များနှင့် ပြည်သူတို့၏ တိုင်းပြည် အပေါ် သစ္စာရှိပုံကို ဖော်ကျူးရန် ၊ စရိုက်အမျိုးမျိုး နှင့် လူနေမှုပုံစံ ကွာခြားချက်များ ရှိသော်လည်း လူရိုင်းဖြစ်စေ ၊ လူယဉ် ဖြစ်စေ ချစ်ခြင်း မေတ္တာတရားများဖြင့် နူးညံ့ သိမ်မွေ့ တတ်ကြောင်း တင်ဆက် ပြသရန် ၊ ဗုဒ္ဓ၏ ဂုဏ်တော်တန်ခိုး အစွမ်းထက်ပုံကို ပြသ ညွှန်းဆိုရန် ၊ မိဘ နှင့် သားသမီး ၊ ညီအကို မောင်နှမ အချစ်များ၏ နှစ်သက် အတုယူဖွယ် သင်ခန်းစာများ ပေးရန် ၊ မိမိ တိုင်းပြည် ၊ မိမိ လူမျိုး မိမိ အဖွဲ့အစည်း၏ သစ္စာစောင့်သိ ရိုသေသော သူတိုင်း စိတ်ဓာတ်ကို အတုယူစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ရိုက်ကူး ထားခြင်း ဖြစ်သည်။

လူးရတနာသိုက် ရုပ်ရှင် ဇာတ်ကားကြီးကို မတ်လ ၁၈ရက်မှ စတင်ကာ ရန်ကုန် (သမ္မတ) ၊ မင်္ဂလာ (သိမ်ကြီးဈေး) ၊ မင်္ဂလာစံပြ ၊ Top Royal ပါရမီ စိန်ဂေဟာ နှင့် မန္တလေးတွင် ဝင်းလိုက် ၊ မြို့မ ၊ ပြည် (မင်္ဂလာထွန်းသီရိ) ၊ လားရှိုး (အောင်သီရိ) အဆင့်မြင့် ရုပ်ရှင်ရုံကြီးများ တွင် တစ်ပြိုင်တည်း ပြသ သွားမည် ဖြစ်သည်။

လူးလူမျိုးတို့ ယုံကြည်ရာ ရိုးရာဓလေ့ ကြွေဗေဒင် နတ်ဆရာမကြီး ၊ လူး လူမျိုးတို့ သိမ်းဆည်း ထားခဲ့သော ဂူအတွင်းမှ ရတနာများ တောခေါင်းလေး ကိုကျော်ခေါင် တစ်ယောက် မရွှေပွင့် နှင့် ပြန်ဆုံ နိုင်မလား ဂုဏ်တော် ကိုးပါး နှင့် မရွှေပွင့် လူရိုင်းတွေ လက်က ထွက်ပြေး လွတ်မြောက် နိုင်ပါ့မလား ဆိုတာ ပရိသတ်တွေ ကြည့်ရှု ရမည် ဖြစ်သည်။

 လူးဌာနေမှ လူး လူမျိုး ခေါင်းဆောင် အဖြစ် ကျော်ရဲအောင် ၊ လူးအမျိုးသားလေး ဂျိုဝါး အဖြစ် နေမင်း ၊ တောသူမလေး ရွှေပွင့် အဖြစ် သက်မွန်မြင့် ၊ တောခေါင်းလေး အဖြစ် ကောင်းပြည့် တို့မှ သရုပ်ဆောင် ထားကြသည်။ ထို ရုပ်ရှင် ဇာတ်ကားကြီးကို မြန်မာနိုင်ငံ၏ ထင်ရှားသည့် နေရာများ ဖြစ်သည့် မင်းဘူး ရွှေစက်တော်မှ မန်းချောင်း မေမြို့နှစ်ထပ်ဂူ ဘုရား ၊ ကလောမြို့မှ မိန်းမရဲတောင် နှင့် ဘုရားများ ၊ တောင်ငူမြို့ ဖိုးကျား ဆင်စခန်းမှ ပတ်ဝန်းကျင် အလှများ တောတွင်း စွန်းစားခန်းများ ဖြင့် ရိုက်ကူး ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required