တရုတ်က ရုရှားကို လက်နက်များ ပံ့ပိုးပေးပါက ကမ္ဘာကြီးသည် ထာဝရ ပြောင်းလဲသွားလိမ့်မည်

By Daily Mail
23 February 2023
တရုတ်က ရုရှားကို လက်နက်များ ပံ့ပိုးပေးပါက ကမ္ဘာကြီးသည် ထာဝရ ပြောင်းလဲသွားလိမ့်မည်

တရုတ်သည် ရုရှားကို ငွေကြေးထောက်ပံ့ပေးနေခဲ့ရာမှ အကယ်၍ ယူကရိန်းစစ်ပွဲတွင် ရုရှားကို စစ်လက်နက်များ ပံ့ပိုးပေးမည် ဆိုပါက တရုတ်သည် အနီရောင်လိုင်းကို ဖြတ်ကျော်ရာ ရောက်မည် ဖြစ်ကာ ယင်းသို့ဆိုလျှင် မိမိတို့ ကမ္ဘာကြီးသည် ထာဝရ ပြောင်းလဲသွားလိမ့်မည် ဖြစ်ကြောင်း စာရေးဆရာ အီယန် ဝီလီယံစ်က ရေးသားသည်။

ဖြစ်လာနိုင်သည့် အကျိုးဆက်များက မှန်းဆကြည့်၍ မရနိုင်လောက်သလောက်နီးပါး ဖြစ်သည်။ ယူကရိန်းအပေါ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အလွန်မိုက်မဲလှသည့် ကျူးကျော်မှုနှင့်ပတ်သက်သည့် အရာမှန်သမျှသည် မစဉ်းစားဝံ့စရာ ဖြစ်ခဲ့သည် ဆိုသော်လည်း အကယ်၍ တရုတ်သည် ရုရှား အာဏာရှင်၏ သောကပတ်လည်ဝိုင်းနေသော စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ထောက်ကူပံ့ပိုးမည့် စိတ်ကူးကို မိတ်ဆက်ထုတ်ဖော်လာပါလျှင် မိမိတို့၏ နေမှုထိုင်မှုဘဝတစ်ခုလုံးက ခြိမ်းခြောက်ခံရနိုင်သည်။

သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သော တရုတ်အစိုးရသည် အနောက်နိုင်ငံများ ရှောင်ဖယ်ထားကြသည့် ရုရှား၏ ရေနံ၊ ဓာတ်ငွေ့နှင့် စိုက်ပျိုးရေးထုတ်ကုန်များကို တိုးမြှင့်တင်သွင်းခြင်းအားဖြင့် စစ်ပွဲကို အာမခံပေးရင်း ရုရှားအစိုးရကို ငွေကြေးထောက်ပံ့ပေးနေခဲ့သည်။ ထို့ပြင် တရုတ်အစိုးရသည် ရုရှားမှ တရုတ်သို့ ဓာတ်ငွေ့ပိုက်လိုင်းသစ်တစ်ခု တည်ဆောက်လျက် ရှိသလို ဒရုန်းများကဲ့သို့ “နည်းလမ်းနှစ်မျိုးနှစ်သွယ်သုံး” နည်းပညာကိုလည်း ထောက်ပံ့ပေးထားသည်။ အရပ်ဘက် အသုံးပြုမှုအတွက်ဟု ဆိုသော်လည်း ရုရှားက ယင်းတို့ကို ထောက်လှမ်းရေးအတွက် အသုံးပြုသည်။

သို့သော် သွေးဖြင့် ရေးဆွဲထားသည့် အနီရောင်လိုင်းတစ်ခု ရှိသည်။ အကယ်၍ တရုတ်အနေဖြင့် ရုရှားကို စစ်လက်နက်များ စတင် ထောက်ပံ့ပေးပါက တရုတ်သည် ထို အနီရောင်လိုင်းကို ဖြတ်ကျော်ရာ ရောက်လိမ့်မည် ဖြစ်သည်။ ထိုသို့ ဖြစ်လာစေရန် ပူတင်က အပူတပြင်း ဖိအားပေးတိုက်တွန်းလျက် ရှိပြီး ရှီကျင့်ဖျင်သည် ‘လူ့အသက်သေစေသော အထောက်အပံ့များ’ ထောက်ပံ့ရန် ပြင်ဆင်ကောင်း ပြင်ဆင်နေနိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးက ကောက်ချက်ချသည်။

ဖေဖေါ်ဝါရီ ၂၁ ရက်ကဆိုလျှင် တရုတ်ထိပ်တန်းသံတမန် ဝမ်ယီသည် မော်စကို၌ ပူတင်နှင့် လာရောက်တွေ့ခဲ့ပြီး ၎င်းတို့၏ ‘ဆက်ဖြစ်နေဆဲ ပူးပေါင်းဆောင်ရွက်မှု’ ကို ထပ်လောင်း အတည်ပြုသည်။ ၎င်းတို့အကြား အခြားမည်သည့်ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့သည် ဆိုသည်ကို မိမိတို့အနေဖြင့် မသိရှိနိုင်သေးပါ။

သို့သော် အကယ်၍ တရုတ်က ရုရှားကို လက်နက်များ ပွင့်ပွင့်လင်းလင်း စတင် ထောက်ပံ့ပေးသည့်နေ့ကို ရောက်လာမည် ဆိုပါက ယင်းသည် စစ်အေးကာလနောက်ပိုင်း မိမိတို့ တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ရသည့် ပုံစံတစ်ခုဖြင့် ကမ္ဘာ့နိုင်ငံရေးကို ပြန်လည်ပြဋ္ဌာန်းသတ်မှတ်လိမ့်မည်ဖြစ်သည်။

အကယ်၍ တရုတ်က ရုရှားကို လက်နက်များ ပေးပါက မိမိတို့အပေါ် ဝါးမြိုလွှမ်းမိုးမည့်ဟန်ရှိသည့် ရုတ်တရက်ကျရောက်သော ကပ်ဘေးတစ်ခု ဖြစ်နိုင်ပြီး ယင်းကို ဆိုဗီယက် ပြည်ထောင်စုနှင့် နေတိုးအုပ်စုအကြား တအုံနွေးနွေး ပေါ်ပေါက်ခဲ့သော ပဋိပက္ခ၏ အမှောင်ဆုံးနေ့ရက်များနှင့်ပင်လျှင် နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။

မော်စကို၊ အင်ဒို-ပစိဖိတ်နှင့် တရုတ်တွင် အချိန်အတော်ကြာ နိုင်ငံခြားသတင်းထောက်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည့် မိမိအနေဖြင့် အာဏာရှင်တို့၏ စစ်လက်နက်အင်အားဖြင့် ခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး ယဉ်ပါးအကျွမ်းတဝင် ရှိထားသည်။

သို့သော် လက်ရှိအချိန်တွင် ပူတင်သည် ယခင်က တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ထားခဲ့ရသည့် ပုံစံတစ်ခုနှင့်အတူ နျူကလီးယားလက်နက်ခဲယမ်းစုဖြင့် သွက်ဝိုက် ခြိမ်းခြောက်မှုရော၊ ပွင့်ပွင့်လင်းလင်းဖြစ်သော ခြိမ်းခြောက်မှုရောကိုပါ လုပ်ဆောင်ရင်း ယူကရိန်းနှင့် ဥရောပတစ်တိုက်လုံးကို ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်နေသည်။

တစ်ချိန်တည်းမှာပင် တရုတ်သည် ၎င်းတို့၏ ကိုယ်ပိုင် နျူကလီးယား တိုက်ခိုက်ရေး အင်အားကို ကြီးထွားအောင် သိုသိုသိပ်သိပ် လုပ်ဆောင်နေခဲ့သည်။ ၂၀၃၅ ခုနှစ် အရောက်တွင် တရုတ်တွင် အသင့်ပစ်ခတ်နိုင်သော ထိပ်ဖူး ၁,၅၀၀ အထိ ရှိဖွယ် ရှိပြီး ထို ထိပ်ဖူးတစ်ခုချင်းစီတိုင်းသည် ၁၉၄၅ ခုနှစ်က ဟီရိုရှီးမားနှင့် နာဂါဆာကီတို့တွင် ချခဲ့သည့် ဗုံးများထက် ပိုကြီးသော အဖျက်စွမ်းအားတစ်ရပ် ရှိနေမည် ဖြစ်သည်။

မိမိတို့ နျူကလီးယား လိပ်ခဲတည်းလည်း အခြေအနေတစ်ရပ်ကို နောက်ဆုံးတွေ့မြင်ထားခဲ့ရသည်က ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အကျပ်အတည်းအတွင်းတွင် ဖြစ်သည်။ ယင်းက ရက်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။ အကယ်၍ ရှီ နှင့် ပူတင် တို့ တပ်ဖွဲ့များကို ပေါင်းစည်းလိုက်မည် ဆိုပါက ကမ္ဘာကြီးအပေါ် ၎င်းတို့၏ ခြိမ်းခြောက်မှုက မစဉ်းစားတတ်လောက်အောင် ပိုဆိုးလိမ့်မည် ဖြစ်သည်။

ဒီမိုကရေစီ အနောက်အုပ်စုဘက်ခြမ်းတွင် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဦးသည် နောက်ဆုံးအခြေအနေ ခုခံကာကွယ်မှုအတွက်မှလွဲပြီး အခြားအကြောင်းတစ်ခုခုအတွက် ယခု နျူကလီးယား လုပ်နိုင်စွမ်းကို အသုံးပြုရန် စဉ်းစားဖူးခဲ့နိုင်သည် ဆိုပါက ယင်းက ရူးနေ၍သာ ဖြစ်လိမ့်မည် ဖြစ်သည်။ တရုတ်၏ အမြှော်အမြင်ရှိသော နိုင်ငံရေးသမား အများအပြားသည် ပူတင်၏ နျူကလီးယား လေလုံးအာစလျှာစနှင့်ပတ်သက်ပြီး သတိရှိရှိ ထားနေမည် ဆိုသည်ကို မိမိ သိပါသည်။

သို့သော် ရှီ နှင့် ပူတင် တို့သည် အာဏာရှင်များ ဖြစ်နေပြီး ၎င်းတို့သည် မိမိတို့ ခေါင်းဆောင်များကဲ့သို့ တူညီသော အကန့်အသတ်များဖြင့် နယ်သတ်ခံထားခြင်း မရှိသူများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် ဘာဖြစ်လာနိုင်မည် ဆိုသည့်အပေါ် ကြိုတင်ခန့်မှန်းရန် မိမိတို့ ထောက်လှမ်းရေး အေဂျင်စီများအတွက် အတော်ပင် ပိုမို ခက်ခဲစေသည်။

မိမိတို့ သိထားသည့် အချက်တစ်ခုက ရှီ နှင့် ပူတင်တို့သည် စစ်ပွဲတွင် အနောက်အုပ်စု၏ ပါဝင်ပတ်သက်မှုအပေါ် လျှော့တွက်ခဲ့သည် ဆိုသည်ပင် ဖြစ်သည်။

ယူကရိန်းကို ကျူးကျော်မည့် ရုရှား၏ ရည်ရွယ်ချက်ကို ရှီတစ်ယောက် ကြိုတင် သိနေခဲ့လိမ့်မည်ဆိုသည်က မိမိအတွက် သေချာသလောက် ဖြစ်သည်။ သို့သော် ဒီမိုကရေစီ နိုင်ငံများသည် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၏ ခိုင်မာတည်ကြည်သော ခုခံမှုကို ထောက်ပံ့အားပေးရန် မဆိုထားနှင့်၊ ၎င်းတို့ကိုယ်တိုင်သည် အလွန်ပင် ယိုယွင်းနေခဲ့ကြသည်၊ ၎င်းတို့၏ စီးပွားရေးများသည်လည်း လေးနက်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အလွန်ပင် အားနည်းနေခဲ့သည် ဆိုပြီး ရှီနှင့် ပူတင် တို့က ယူဆခဲ့ကြသည်။

ပူတင်နှင့် ရှီ သည် ပုဂ္ဂိုလ်ချင်းအရ အစေးကပ်သလို ကမ္ဘာကြီးနှင့်ပတ်သက်၍လည်း အမြင်ချင်း တူကြသည်။ နှစ်ဦးစလုံးသည် အနောက်နိုင်ငံများကြောင့် ၎င်းတို့နိုင်ငံများအပေါ် စုပုံကျခဲ့သည်ဟု ရှုမြင်ရသော အရှက်ရစရာများအတွက် မကျေမချမ်းဖြစ်မှုတွင် စူးစိုက်နှစ်မြှုပ်ထားကြသည်။ ၎င်းတို့၏ သက်ဆိုင်ရာ အင်ပါယာများ၏ ဒဏ္ဍာရီလာ နာမည်ဂုဏ်သတင်းကြီးမှုကို မူလအတိုင်း ပြန်ရောက်စေရန် စိတ်ကူးယဉ်နေကြသည်။

ယင်းသည် အမေရိကန်နှင့် ဥရောပတို့ ပဋိပက္ခတစ်ခုထဲ ပါဝင်ပတ်သက်သည်ကို မြင်ချင်သည့် ရှီ၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသည်။ သို့သော် ရုရှားစစ်တပ်၏ ညံ့ဖျင်းမှုက တရုတ်ကို ထိတ်လန်တုန်လှုပ်စေခဲ့ပြီး အထူးသဖြင့် တရုတ်၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ယင်း၏ ပင်ကိုလက္ခဏာ အများအပြားနှင့် တူနေခြင်းကြောင့် ဖြစ်သည်။

ဆိုရလျှင် လက်ရှိတွင် မိမိတို့သည် အတိမ်းအစောင်းမခံသော အဆင့်တစ်ခုတွင် ရောက်ရှိနေသည်။ အကယ်၍ ရှီက ပူတင်၏ ရက်စက်မှု၌ ပွင့်ပွင့်လင်းလင်း မိတ်ဖက်ပါတနာတစ်ဦး ဖြစ်လာမည်ဆိုပါက စူပါပါဝါများအကြား သုံးဦးသုံးဖလှယ် ဆက်ဆံရေးက အသွင်ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ အနှစ်အားဖြင့်ဆိုရလျှင် စစ်အေးကာလကအတိုင်း ကမ္ဘာကြီးသည် လွတ်လပ်သော အုပ်စုနှင့် မလွတ်လပ်သော အုပ်စုဆိုပြီး အုပ်စုနှစ်စုအကြား ကွဲသွားလိမ့်မည် ဖြစ်သည်။

တရုတ်သည် ဒီမိုကရေစီကမ္ဘာ၊ အထူးသဖြင့် အမေရိကန်၏ မကျေမချမ်းနိုင်သော ရန်သူဖြစ်ကြောင်း ရှီက ကြေညာလိမ့်မည် ဖြစ်သလို ယူကရိန်းစစ်ပွဲကလည်း အကန့်အသတ်မရှိ အချိန်ရှည်ကြာသွားလိမ့်မည် ဖြစ်သည်။

တရုတ်သည် ကမ္ဘာ့ စတုတ္ထမြောက် အကြီးဆုံး လက်နက် တင်ပို့သူနိုင်ငံ ဖြစ်သလို ယင်း၏ အဆင့်မြင့်သော ခေတ်မီလက်နက်စနစ်များက ယိမ်းယိုင်နေသော ရုရှားတပ်ဖွဲ့များကို ထောက်ကူအားပေးလိမ့်မည် ဖြစ်သည်။ သို့သော် ဂယက်ရိုက်ခတ်မှုများက ယင်းကို ကျော်လွန်ပြီး ရောက်ရှိမည် ဖြစ်သည်။

အနောက်အုပ်စုက တုံ့ပြန်ရလိမ့်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် တရုတ်နှင့် မိမိတို့အကြား ကုန်သွယ်ရေး အဆက်အဆံ ပြတ်တောက်မှုဆီကို ဦးတည်သွားစေနိုင်သည်။ ယင်းသည် ယူကရိန်းနှင့် ပတ်သက်ပြီး ရုရှားနှင့်အကြား မြင်တွေ့ထားခဲ့ရသည့် အရာမှန်သမျှကို သေးနုတ်သွားစေမည့် အတိုင်းအတာရှိသည့် စီးပွားရေးငလျင်တစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။ မိမိတို့သည် တရုတ် အီလက်ထရောနစ်၊ စက်မှုပညာနှင့် နောက်ထပ် အတော်များများအပေါ် လွန်လွန်ကျွံကျွံ အားထားနေကြရသည်။

ယင်းသည် တရုတ်ကို ရိုက်ခတ် လှုပ်ရှားစေခြင်း မရှိသည့် supply chain (ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက်) တစ်ခုဖြစ်ရုံမျှသာ ရှိသေးပြီး အနောက်အုပ်စုတွင် မိမိတို့သည် မဖြစ်မနေ အရေးပါသော မှီခိုအားပြုနေရမှုများကို လျှော့ချရန် အလွန်ပင် နှေးကွေးနေခဲ့သည်။

ယင်းသည် အနည်းဆုံးတော့ လူ့အဖွဲ့အစည်းကို တစ်စိတ်တစ်ဒေသ ပြိုလဲစေမှုကို ဖြစ်စေမည့် အလားအလာ ရှိသည်ဟု ပြောပါက ချဲ့ကားရာ ရောက်မည်တော့ မဟုတ်ပေ။

ဥပမာတစ်ခု ကြည့်မည်ဆိုပါက အမေရိကန်နည်းပညာကုမ္ပဏီကြီး Apple သည် ထုတ်လုပ်မှုတချို့ကို အိန္ဒိယနှင့် ဗီယက်နမ်ကို ပြောင်းရွှေ့ထားသည်ဆိုသော်ငြား ယင်းကုမ္ပဏီကြီးအနေဖြင့် ယင်း၏ iPhone ထုတ်လုပ်မှု၏ ၉၅ ရာခိုင်နှုန်းအတွက် တရုတ်အပေါ် အားထားနေရသည်။ ဤစမတ်ဖုန်းများ တည်ဆောက်ထုတ်လုပ်ရန် ဖန်တီးထူထောင်ထားသည့် supply chain သည် အခြားသော လုပ်ငန်းများတွင် မြင်တွေ့ထားသည်တို့ထက် ပိုမို ရှုပ်ထွေးပြီး ပို၍ ညက်ညောအောင်လည်း ကိုက်ညှိရသည်။

ယင်းကို ပိတ်ချခြင်းက စမတ်ဖုန်းများအပေါ် လုံးလုံးလျားလျား အားထားလာနေသည့် အနောက်တိုင်း ယဉ်ကျေးမှုအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်စေလိမ့်မည် ဖြစ်သည်။ iPhone သစ်များ၏ ဈေးနှုန်းသည် ၂၀၂၇ တွင် ငါးဆ မြင့်တက်သွားနိုင်ပြီး ဟန်းဆက်သစ်များသည် စတာလင်ပေါင် ၅,၀၀၀ အထိ ကျသင့်နိုင်ကြောင်း ခန့်မှန်းမှုလည်း ရှိနေသည်။ တစ်ပတ်ရစ် ဖုန်းများ၏ မှောင်ခိုဈေးကွက်သည် အကျိုးအမြတ် များပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာလိမ့်မည် ဖြစ်သည်။

ထိုထက် ပိုသည့် အလျဉ်ပြတ်ပြားမှုအဖြစ် အီလက်ထရောနစ် ကမ္ဘာ့ဈေးကွက်က မှီခိုအားထားနေရသည့် ကုန်ကြမ်းများ ဆုံးရှုံးမှု ဖြစ်လိမ့်မည် ဖြစ်သည်။ ဤ တွင်းထွက်ပစ္စည်း ဒြင်စင် ၁၇ မျိုးကို ‘မြေရှားသတ္တု’ ဟု သိကြပြီး ယင်းတို့၏ အမည်များမှာ (နီယိုဒိုင်မီယမ်၊ ဒိုင်ပရိုစီယမ်၊ ယစ်ထရီယမ်၊ ဆယ်ရီယမ်) မထင်မရှား ဖြစ်နေသော်လည်း ယင်းတို့သည် မျက်မှောက်ခေတ်လောကအတွက် အထူးပင် အရေးပါသည်။

မြေရှားသတ္တုများသည် မျက်မှောက်ခေတ် အီလက်ထရောနစ်ပစ္စည်းများအတွက် အလွန်အရေးပါလှပြီး မိုက်ခရိုချစ်ပ်များ၊ စကရင်မ်မျက်နှာပြင်များ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ ပြန်လည်အားသွင်းနိုင်သော ဘထ္ထရီများနှင့် သံလိုက်များမှ စပြီး ဒုံးကျည်ပဲ့ထိန်းစနစ်များအထိ အရာအားလုံးတွင် သေးငယ်သော ပမာဏများဖြင့် အသုံးပြုသည်။

တရုတ်သည် လက်ရှိတွင် ကမ္ဘာ့ မြေရှားသတ္တုများ၏ ၆၃ ရာခိုင်နှုန်းအထိကို တူးဖော်သလို စရိတ်စကကြီးပြီး ရှုပ်ပွပေရေသော ထုတ်လုပ်စီမံမှု၏ ၈၅ ရာခိုင်နှုန်းခန့်ကိုလည်း လုပ်ဆောင်နေသည်။  ဤပစ္စည်းများ မရှိဘဲ အနောက်အုပ်စု စစ်ဖက်ကာကွယ်ရေးစနစ်များသည် ပျက်ယွင်းပါက ပြင်၍ ရနိုင်မည် မဟုတ်ပေ။

ညီတူညီမျှဖြစ်သော ကပ်ဘေးက မိမိတို့၏ စီးပွားရေးအတွက် ထိခိုက်မှု ဖြစ်စေနိုင်သည်။ တရုတ်၏ စစ်ဘက်ဆိုင်ရာ အရှိန်မြှင့်တင်မှုကြောင့် ဗြိတိန်သည် မိမိတို့၏ စစ်ဖက်ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံ ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းကျော်ဖြစ်သည့် ပေါင် ၂၅ ဘီလီယံ တိုးမြှင့်ခဲ့ရကြောင်း ဘတ်ဂျက် တာဝန်ခံမှု ရုံး (OBR) က ယမန်နှစ်က တွက်ချက်သည်။

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ပါက ဖြစ်လာနိုင်သည့် သက်ရောက်မှုများကို OBR က ပုံစံချကြည့်ခဲ့ပြီး အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်မှုကို ဖြစ်စေခြင်းနှင့်အတူ ယင်းအခြေအနေက မိမိတို့၏ ငွေချေးယူရမှုကို တစ်နှစ်လျင် ပေါင် ၂၀ ဘီလီယံဖြင့် တိုးသွားစေလိမ့်မည် ဖြစ်ပြီး ဆယ်စုနှစ်တစ်စုအတွင်း မိမိတို့ ဂျီဒီပီ၏ ငါးရာခိုင်နှုန်းကျော်ကို ပျောက်ပျက်စေမည် ဖြစ်ကာ အစိုးရ ဘဏ္ဍာငွေကြေးများအပိုင်းတွင် ပေါင် ၅၇ ဘီလီယံ အပေါက်တစ်ခုကို ဖြစ်စေလိမ့်မည် ဖြစ်သည်။ ယင်းသည် ကာကွယ်ရေးဘတ်ဂျက်တစ်ခုလုံးနှင့် ညီမျှသည်။

ယင်းသည် ကမ္ဘာ့ပျက်မည့်နေ့ စိတ်မှန်းအနာဂတ်ဖြစ်နိုင်ခြေ တစ်ခုကဲ့သို့ ထင်ရသည်။ သို့သော် အကယ်၍ ရှီက ရုရှားကို လက်နက်ထောက်ပံ့ပြီး အနောက်အုပ်စုက တရုတ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် လက်တုံ့ပြန်ပါက ပေကျင်းရှိ တရားသေအယူကိုင်စွဲသူများက ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်ရန် အကောင်းဆုံးအချိန်ရောက်ပြီ ဆိုပြီး ပြောကြလိမ့်မည် ဖြစ်သည်။

ယင်းသည် ရူးနေသည်ဟု ထင်ရနိုင်သည်။ သို့သော် ပြီးခဲ့သည့် တစ်နှစ်အကြာကပင် ယူကရိန်းအပေါ် ကျူးကျော်သည့် အိုင်ဒီယာ ဖော်ဆောင်ထားခဲ့သည် မဟုတ်ပါလော။ တစ်ဘက်တွင်လည်း တရုတ်၏ စီးပွားရေးသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးမှ အတော်များများ အကျိုးဖြစ်ထွန်းထားခဲ့သည့်အတွက်ကြောင့် ရှီအနေဖြင့် ထိုကဲ့သို့ လုပ်လိမ့်မည် မဟုတ်ဟု ဗြိတိန်နှင့် အမေရိကန်ရှိ ပြေရာပြေကြောင်း ပြောသူများက ပြောဆိုကြလိမ့်မည် ဖြစ်သည်။

လက်ရှိ ကမ္ဘာ့ဖြစ်စဉ်များကို ‘နောက်ခံ အသံ’ အဖြစ် သဘောထားသင့်ကြောင်း ဗြိတိန်ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဖိလစ် ဟမ်မွန်းက ပြောခဲ့ပြီး ယူကေနှင့် တရုတ်တို့အနေဖြင့် ပုံမှန်အတိုင်း ပြန်သွားသင့်သည်ဟု ၎င်းက တိုက်တွန်းခဲ့ကြောင်း ပြီးခဲ့သည့်အပတ်က တရုတ်အစိုးရ ကွန်မြူနစ်ပါတီ၏ China Daily သတင်းစာ၏ အထူးဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြသည်။

အကယ်၍များ အခြေအနေက အလွန်ပင် ထိတ်လန့်စရာ မကောင်းခဲ့ဘူးဆိုလျင် ယင်းကဲ့သို့သော ရိုးစင်းမှုမျိုးက ရယ်စရာဖြစ်နေလိမ့်မည် ဖြစ်သည်။

ရုရှားနှင့် တရုတ်၏ စစ်တပ်များ မည်သို့မည်ပုံ နီးနီးကပ်ကပ် အတူတကွ လုပ်ဆောင်နေသလဲ ဆိုသည်ကို မိမိတို့ မျက်စိဖွင့်ထားရလိမ့်မည်ဖြစ်သည်။

ယခုသီတင်းပတ်တွင် ၎င်းတို့သည် တောင်အာဖရိက စစ်သင်္ဘောများနှင့်အတူ အိန္ဒိယ သမုဒ္ဒရာတွင် ၁၀ ရက်ကြာ ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်နေကြသည်။

၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး ခင်မင်ယုံကြည်မှု၏ အမှတ်သင်္ကေတဆိုင်ရာ ထုတ်ပြမှုများထက် ကျော်လွန်သွားနေခဲ့ပြီး စစ်မြေပြင်တွင် ၎င်းတို့၏ အတူတကွ တိုက်ခိုက်နိုင်စွမ်းအပေါ် ညှိနှိုင်းချိတ်ဆက်လုပ်ဆောင်နေကြသည်။

တရုတ်သည် ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် ရုရှား ကာကွယ်ရေးလုပ်ငန်းကုမ္ပဏီတစ်ခုထံ လေယာဉ်ပစ် ဒုံးရေဒါ အစိတ်အပိုင်းများ ထောက်ပံ့ပေးထားသလို တိုက်ပွဲစစ်ဆင်ရေးများကို ထောက်ကူရန် ကြေးစား Wagner Group ထံ ဂြိုလ်တုပုံရိပ်များ ထောက်ပံ့ပေးထားသည်ဟု သိရသည်။

ယင်းသည် စစ်လက်နက်များ ပွင့်ပွင့်လင်းလင်း စတင်ထောက်ပံ့ရန် အသေးစား ခြေလှမ်းတစ်ခုမျှသာ ဖြစ်သည်။ အနီရောင်လိုင်းကို ရှီကျင့်ဖျင် ဖြတ်ကျော်ချိန်တွင် ကမ္ဘာကြီးသည် ထာဝရ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။

* အီယန် ဝီလီယံစ်သည် Birlinn ထုတ်ဝေရေးလုပ်ငန်းကုမ္ပဏီက ထုတ်ဝေသည့် The Fire of The Dragon: China’s New Cold War စာအုပ်ကို ရေးသားသူဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required