နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် MDY PDF တို့ ပြင်းထန်တိုက်ပွဲဖြစ်ပွား၊ ဒေသခံများစစ်ရှောင်နေရဟုဆို

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် MDY PDF တို့ ပြင်းထန်တိုက်ပွဲဖြစ်ပွား၊ ဒေသခံများစစ်ရှောင်နေရဟုဆို

(မဇ္ဈိမ)။   ။ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် MDY PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တို့ ပြင်းထန်တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

"လုံခံ(ကျေးရွာ)ဘက်မှာ ဒီမနက် ၅ နာရီကျော်လောက်ကစပြီး စစ်ဖြစ်နေတယ်၊ တိုက်ပွဲတအားပြင်းတယ်၊ စစ်တပ်(စစ်ကောင်စီတပ်)က လေယာဉ်နဲ့ဗုံးကြဲတယ်၊ လေယာဉ်ငါးစီးနဲ့ တစ်နေကုန်ဝဲပြီး ပစ်နေတာ၊ အခုညနေပိုင်းအထိပဲ၊ လုံခံမှာ စစ်တပ် လက်နက်ကြီး(ကျည်)ကျလို့ အိမ်မီးလောင်တာတွေရှိတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

နောင်ချိုမြို့နယ် ကုလားကြဲ ၊ကြံခင်း၊ နားခါးနှင့် လုံခံကျေးရွာ အနီး၀န်းကျင်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် နံနက်အစောပိုင်းမှစ၍ နှစ်ဘက်တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်ဟု သိရသည်။

တိုက်ပွဲအစပိုင်းတွင် MDY PDF ဘက်က အသာစီးရခဲဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဘက်က လေကြောင်းပစ်ကူ ပေးလာသဖြင့် ယခုညနေပိုင်းနောက်ဆုံးရရှိသည့်သတင်းအရ ဒေသခံများပါထွက်ပြေးနေကြရကြောင်း သိရသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ MDY PDF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မိုးကြိုးနှင့် အဆက်အသွယ်ရရန်ကြိုးစားနေဆဲဖြစ်သည်။

စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများတွင် နောင်ချိုမြို့နယ် မန္တလေး PDF စခန်းကို စစ်ကောင်စီတပ်ဖွဲ့ကမြေပြင် ဝေဟင်ဖြင့်ရှင်းလင်းနေသည်ဟု ယနေ့ညနေပိုင်းတွင် သတင်းတိုဖော်ပြကြသည်ကို တွေ့ရသည်။

MDY PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ် ရေး၀န်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် စုဖွဲ့ထားသော တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၅ ရက်နေ့တွင် တရား၀င်သတင်းထုတ်ပြန်ထားသည်။

MDY PDF သည် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲအကြိမ်ကြိမ်ဆင်နွှဲခဲ့ဖူးပြီး ၎င်းတို့လက်ချက်ဖြင့် စစ်ကောင်စီဘက်က ရာနှင့်ချီပြီး သေဆုံးမှုများ ရှိခဲ့သည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required