တရုတ်စီးပွားရေး တိုးတက်မှုနှုန်း ၂၀၂၂ တွင် နှစ် ၄၀ အတွင်း အနိမ့်ဆုံးဖြစ်ခဲ့

တရုတ်စီးပွားရေး တိုးတက်မှုနှုန်း ၂၀၂၂ တွင် နှစ် ၄၀ အတွင်း အနိမ့်ဆုံးဖြစ်ခဲ့

ကမ္ဘာ့ကပ်ရောဂါနှင့် အိမ်ခြံမြေပြဿနာများအပြီး တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ဆယ်စုနှစ် ၄ ခုအတွင်း အနိမ့်ဆုံးဖြစ်နိုင်ကြောင်း ဇန်နဝါရီလ ၁၇ ရက်တွင် ထုတ်ပြန်မည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး (GDP) ကြေညာချက်မတိုင်မီ လေ့လာသုံးသပ်သူများက ပြောကြားလိုက်သည်။
ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်၏ ဂျီဒီပီသည် နှစ်စဉ် ပျမ်းမျှ ၂ ဒသမ ၇ ရာခိုင်နှုန်း တိုးလာမည်ဟု AFP မှ တွေ့ဆုံမေးမြန်းခဲ့သည့် ကျွမ်းကျင်သူ ၁၀ ဦးက ခန့်မှန်းခဲ့ပြီး ယင်းသည် ၂၀၂၁ ခုနှစ်က တိုးတက်မှုနှုန်းထက် ၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
မော်စီတုံးကွယ်လွန်ခဲ့သည့် ၁၉၇၆ ခုနှစ်တွင် တရုတ်၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၁ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝူဟန်မြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ၂၀၂၀ ခုနှစ်မှလွဲ၍ တရုတ်နိုင်ငံ၏ တိုးတက်မှုအနှေးကွေးဆုံးကာလ ဖြစ်လာသည်။
တရုတ်နိုင်ငံသည် ၂၀၂၂  ခုနှစ်တွင် တိုးတက်မှု ၅ ဒသမ ၅ ရာခိုင်နှုန်းခန့် ရရှိရန် ရည်မှန်းထားသော်လည်း အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် ကုန်ထုတ်လုပ်မှုနှင့် သုံးစွဲမှုအပေါ် အဟန့်အတားဖြစ်စေခဲ့သဖြင့်  ရည်မှန်းချက် ပြည့်မီခြင်း မရှိခဲ့ပေ။
တင်းကျပ်သည့် အသွားအလာကန့်သတ်မှုများ၊ သီးသန့်ခွဲခြားထားမှုများနှင့် မဖြစ်မနေလုပ်ဆောင်ရသည့် အစုလိုက်အပြုံလိုက် ရောဂါစမ်းသပ်စစ်ဆေးမှုများကြောင့် ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံတည်ရှိရာ ကျန်းကျိုး ကဲ့သို့သော အဓိကအချက်အချာနေရာများရှိ ကုန်ထုတ်စက်ရုံများနှင့် စီးပွားရေးလုပ်ငန်းများကို ရုတ်ခြည်း ပိတ်ပစ်ခဲ့ရပြီး ကမ္ဘာ့ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ဂယက်ရိုက်စေခဲ့သည်။ 
ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး ကိုဗစ်-၁၉ အစီအမံအချို့ကို ၃ နှစ်ကြာ ချမှတ်ကျင့်သုံးပြီးနောက် တရုတ်နိုင်ငံသည် ကပ်ရောဂါကန့်သတ်ချက်များကို ဒီဇင်ဘာအစောပိုင်းတွင် ရုတ်တရက် ဖြေလျှော့ပေးခဲ့သည်။
တရုတ်နိုင်ငံသည် ဆေးရုံများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဝန်နှင့်အားမမျှစေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လာခြင်းကို ရင်ဆိုင်နေရသည်။
“စတုတ္တ ၃ လပတ်ဟာ အတော်လေးခက်ခဲပါတယ်။ သုံးစွဲမှု အတိုင်းအတာ အရရော ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာအရပါ တိုးတက်မှု နှေးကွေးနေပါတယ်" ဟု ပေကျင်းရှိ တရုတ်လူမှုရေးသိပ္ပံကျောင်းမှ စီးပွားရေးပညာရှင် ကျန်မင်းက ပြောကြားခဲ့သည်။ 
တရုတ်နိုင်ငံ၏ ပို့ကုန်များသည် ဒီဇင်ဘာလတွင် ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပြီး ယမန်နှစ်ကထက် ၉ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ နိုဝင်ဘာလတွင် သုံးစွဲမှုများ နိမ့်ကျခဲ့သလို  ရင်းနှီးမြှုပ်နှံမှုများမှာလည်း နှောင့်နှေးနေခဲ့သည်။
ကျန်းမာရေးကန့်သတ်ချက်များကို ဒီဇင်ဘာလတွင် ဖြေလျှော့ခဲ့ပြီးနောက် ကိုဗစ်ကူးစက်ပျံ့နှံ့မှုကြောင့် နောက်ဆုံး ၃ လပတ်တွင် စီးပွားရေးတိုးတက်မှုနှုန်းမှာ သေချာပေါက် ကျဆင်းသွားလိမ့်မည်" Rabobank ကုမ္ပဏီမှ လေ့လာဆန်းစစ်သူ တီးယူးမက်ဗစ်ဆန်က ပြောသည်။
အိမ်ခြံမြေကဏ္ဍမှ ပြဿနာများသည် စီးပွားရေးတိုးတက်မှုနှုန်းအပေါ် ချိန်ဆနေရသည်ဟု မက်ဗစ်ဆန်က ပြောကြားခဲ့သည်။ အိမ်ခြံမြေကဏ္ဍသည် ဆောက်လုပ်ရေးလုပ်ငန်းများနှင့်အတူ တရုတ်နိုင်ငံ ဂျီဒီပီ၏  ၄ ပုံ ၁ ပုံကျော်ရှိပြီး အလွန်အကျွံ ငွေချေးမှုနှင့် ဈေးကစားခြင်းတို့ကို တရုတ်စိုးရက ၂၀၂၀ ခုနှစ်တွင် စတင်နှိမ်နင်းပြီးကတည်းက အကျပ်အတည်းများ ကြုံတွေ့နေရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required