ရှီကျင့်ဖျင်၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုကို စိုးရိမ်၍ ချမ်းသာသောတရုတ်လူမျိုးများ နိုင်ငံရပ်ခြားသို့ ပြောင်း‌ရွှေ့အခြေချနေ

ရှီကျင့်ဖျင်၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုကို စိုးရိမ်၍ ချမ်းသာသောတရုတ်လူမျိုးများ နိုင်ငံရပ်ခြားသို့ ပြောင်း‌ရွှေ့အခြေချနေ

တရုတ်နိုင်ငံတွင် သမ္မတရှီကျင့်ဖျင်၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုသည် နိုင်ငံ၏ စီးပွားရေးအသိုက်အဝန်းအတွက် စိုးရိမ်စရာဖြစ်လာပြီး အများစုမှာ နိုင်ငံရပ်ခြားသို့ ထွက်ပြေးနေကြရသည်။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် နည်းပညာ၊ အိမ်ခြံမြေနှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဖြိုခွင်းသည့်အပြင် ဘုံသာယာဝပြောရေးအတွက် တွန်းအားပေးမှုက လွန်ခဲ့သည့် ၂ နှစ်အတွင်း တရုတ်နိုင်ငံ၏ အထက်တန်းလွှာ အသိုက်အဝန်းအား တုန်လှုပ်ချောက်ချားစေခဲ့သည်။ အထူးသဖြင့် ရှီသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ကွန်ဂရက်ညီလာခံတွင် တတိယအကြိမ်မြောက် သမ္မတသက်တမ်းရယူပြီးနောက်ပိုင်း တရုတ်နိုင်ငံ စီးပွားရေးအသိုင်းအဝိုင်းမှ လူအများသည် နိုင်ငံရပ်ခြားသို့ ပြောင်း‌ရွှေ့နေထိုင်ခဲ့ကြသည်ဟု  Singapore Post သတင်းစာက ဖော်ပြခဲ့သည်။

ချမ်းသာသော တရုတ်နိုင်ငံသား ၁၀ ၈၀၀ ခန့်သည် ၂၀၂၂ ခုနှစ်တွင် နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နောက်ပိုင်း အများဆုံးဖြစ်၍ ရုရှားပြီးလျှင် တရုတ်သည် ပြောင်း‌‌ရွှေ့နေထိုင်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် လူဝင်မှုကြီးကြပ်ရေး အတိုင်ပင်ခံအဖွဲ့ Henley and Partners ၏ ကမ္ဘာ့အချက်အလက်ထောက်လှမ်းရေး မိတ်ဖက်ဖြစ်သော New World Wealth က ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံ ပြန်လည်ဖွင့်လှစ်ပြီးနောက် အစောပိုင်းသီတင်းပတ်နှင့် နှိုင်းယှဉ်ပါက နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့နေထိုင်မှု သိသိသာသာ တိုးမြင့်လာခဲ့သည်။ ကိုဗစ်ကူးစက်ရောဂါဖြစ်ပွားသည့် အစောပိုင်းကာလတွင် နိုင်ငံရပ်ခြားပြောင်းရွှေ့မှု အရေအတွက် နည်းပါးခဲ့သော်လည်း ၂၀၂၂  ခုနှစ်တွင် ပြောင်း‌ရွှေ့နေထိုင်ရန် စုံစမ်းမေးမြန်းမှုများသည် ၂ ဆကျော် တိုးလာခဲ့ကြောင်း Singapore Post သတင်းတွင် ဖော်ပြထားသည်။

ရှီသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလက ၎င်း၏ ပါတီကွန်ဂရက်မိန့်ခွန်းတွင် ဘုံသာယာဝပြောရေးကို ထပ်တလဲလဲ ပြောဆိုခဲ့သည်။ တရုတ်ပုံစံ ခေတ်မီတိုးတက်ရေး၏ အစိတ်အပိုင်းတစ်ခု အနေဖြင့် ဘုံသာယာဝပြောရေးကို ထည့်သွင်းစဉ်းစားပြီး ဓနဥစ္စာ စုဆောင်းမှုယန္တရားကို စံသတ်မှတ်ရန်နှင့် ဝင်ငွေများပြားမှုကို ထိန်းညှိရန် ကတိပြုခဲ့သည်။ 

တရုတ်နိုင်ငံ၏ ၂၀၂၂ ခုနှစ် အောက်တိုဘာလ စီးပွားရေးအချက်အလက်များအရ ပို့ကုန်များ လျော့ကျခြင်း ငွေကြေးဖောင်းပွမှု နှေးကွေးသွားခြင်း၊ ဘဏ်ချေးငွေများ ကျဆင်းလာခြင်း၊ အိမ်ခြံမြေဈေးကွက် ကျဆင်းလာခြင်းနှင့် ဧပြီလမှ မေလအတွင်း ရှန်ဟိုင်းမြို့ ပိတ်ဆို့ခြင်းခံရပြီးနောက် ပထမဆုံးအကြိမ် လက်လီရောင်းချမှု ကျဆင်းခြင်းများ ရှိခဲ့ကြောင်း မီဒီယာအများအပြားက ဖော်ပြသည်။

တရုတ်နိုင်ငံရှိ နိုင်ငံခြားကုမ္ပဏီများသည် တင်းကျပ်သော အသွားအလာပိတ်ဆို့မှုများအကြား နိုင်ငံတွင်း မကြုံစဖူးသော အခက်အခဲများနှင့် မသေချာမရေရာမှုများကြောင့် စျေးကွက်များတွင် ရှင်သန်နိုင်ရန် ရုန်းကန်ခဲ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required