နေရာ အပြောင်းအလဲဖြင့် ကျင်းပမည့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ Birthday Show

နေရာ အပြောင်းအလဲဖြင့် ကျင်းပမည့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ Birthday Show

ရန်ကုန်၊ မတ် ၈ ။            ။ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်သည် နှစ်စဉ်နှစ်တိုင်း ဧပြီ ၁၀ရက်တွင် ကျင်းပလေ့ရှိသည့် ၎င်း၏ မွေးနေ့အမှတ်တရ ဖျော်ဖြေပွဲကို ယခုနှစ်တွင် အပြောင်းအလဲအဖြစ် တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်းတွင် ပြုလုပ်သွားမည် ဖြစ်သည်။

ယခင်နှစ်များက ၎င်း၏ မွေးနေ့ဖျော်ဖြေပွဲကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် သူငယ်ချင်းများဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် အပြောင်းအလဲ လုပ်သည့် အနေဖြင့် ရွှေထွဋ်တင်ကွင်းတွင်   ပြောင်းလဲ ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က "ကျွန်တော် ဧပြီ ၁၀ရက်နေ့ မွေးနေ့ပွဲကို ရွှေထွဋ်တင်မှာ ကျင်းပ ဖို့ စီစဉ် ထားပါတယ်။ နှစ်ပေါင်းများစွာ မျှော်စင်ကျွန်းမှာ လုပ်လာ ခဲ့တာ ဆိုတော့ အပြောင်းအလဲလေး ဖြစ်အောင် ပြီးတော့ နေရာလည်း ပိုပြီး ကျယ်ကျယ် ဝန်းဝန်းနဲ့ ဖြစ်အောင် အရသာအသစ် အနေနဲ့ ပြောင်းစီစဉ်ထားပါတယ်" ဟု ပြောသည်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင် အနေဖြင့် နှစ်စဉ် ကျင်းပခဲ့သည့် မွေးနေ့ပွဲ အမှတ်တရ ဖျော်ဖြေပွဲကို တစ်နှစ် နဲ့တစ်နှစ် မတူအောင် ကျင်းပခဲ့ပြီး ယခုနှစ်တွင်လည်း ဖျော်ဖြေမည့် နေရာအပြင် ဖျော်ဖြေမှု ပုံစံကအစ မတူညီအောင် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ် ဧပြီ ၁၀ရက်တွင် ပြုလုပ်မည့် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့အမှတ်တရ ဖျော်ဖြေပွဲတွင် သီဆိုနေကျ သီချင်း အဟောင်းများ အပြင် တေးသီချင်းသစ်များဖြင့်လည်း သီဆို ဖျော်ဖြေသွားမည် ဖြစ်သည်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က "အရင်နှစ်တွေလို လာကြည့်တဲ့ ပရိသတ်တွေအနေနဲ့ လွတ်လွတ်လပ်လပ် အားပေးလို့ရမယ့် အပြင် ထိုင်ခုံတွေလည်း စီစဉ်ထားပါတယ်။ ထိုင်ခုံ လက်မှတ်တွေလည်း   ရောင်းချသွားမှာပါ။ ဒီနှစ် မွေးနေ့ပွဲကို ထူးခြားချင်ပါတယ်။ ဒါပေမယ့် စီစဉ်နေတုန်းပဲ ရှိသေးတဲ့အတွက် အတိအကျတော့ ကျွန်တော်ကိုယ်တိုင်လည်း မသိသေးဘူး" ဟု ပြောသည်။

၂၀၁၅ ခုနှစ်တွင် April 10th Show အမည်ဖြင့် မွေးနေ့ ဖျော်ဖြေပွဲကို ဧပြီ ၁၀ရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ကျင်းပ ပြုလုပ် ခဲ့ပြီး Sai Sai & Friends ၊ Snare & G Family၊ ကိကိကျော်ဇော၊ ဘန်နီဖြိုး၊ စိုးကြီး၊ မိစန္ဒီတို့က ပါဝင် ဖျော်ဖြေခဲ့ကြသည်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ Frenzo Production အနေဖြင့် ၂၀၁၆ ခုနှစ် ထဲတွင် Music Tour အနေဖြင့် မြို့များတွင် လိုက်လံ ဖျော်ဖြေရန် စီစဉ်ထားပြီး Welcome To Frenzo အမည်ရှိ တေးအယ်ဘမ်ကိုလည်း ဖြန့်ချိရန် စီစဉ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly