စိတ်တန်ခိုးသိဒ္ဓိကြီးထွားရေးအတွက် အပျိုစင် ၁၀၀၀ နှင့် လိင်ဆက်ဆံရန် အားထုတ်သည့် ဂုရုဆရာအား ဖမ်းမိ

စိတ်တန်ခိုးသိဒ္ဓိကြီးထွားရေးအတွက် အပျိုစင် ၁၀၀၀ နှင့် လိင်ဆက်ဆံရန် အားထုတ်သည့် ဂုရုဆရာအား ဖမ်းမိ

ပါရီ၊ မတ် ၅ ။            ။ မြင့်မားသည့် တန်ခိုးသိဒ္ဓိများ ရရှိရေးအတွက် အပျိုစင်တစ်ထောင်နှင့် လိင်ဆက်ဆံရရန် အားထုတ်လုပ်ဆောင်ခဲ့သူ ယောဂဂုရုအား ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဖမ်းမိသည်။

ရိုမေးနီးယားနိုင်ငံမှ ယောဂဆရာဖြစ်သူ အသက် ၆၄ နှစ်ရှိ ဂရီဂေါရီယန်းဘိုင်ဗိုလာရုဆိုသူသည် အသက်မပြည့်သေးသော မိန်းကလေးနှင့် လိင်ဆက်ဆံမှုဖြင့် ရိုမေးနီးယားနိုင်ငံအတွင်း စစ်ဆေးခံရစဉ် ၂၀၀၄ ခုနှစ်က တိမ်းရှောင်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ၎င်းအား ရိုမေးနီးယားနိုင်ငံက ၂၀၁၃ ခုနှစ်တွင် အဆိုပါ ပြစ်မှုအတွက် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ထားပြီး ၎င်းက ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ကာ ယခု ပါရီမြို့တွင် ဖမ်းမိထားခြင်းဖြစ်သည်။

ဘိုင်ဗိုလာရု၏ ယောဂကျောင်းမှာ အုပ်လိုက်လိင်ဆက်ဆံမှုအား အားပေးအားမြှောက်ပြုကြောင်း လူသိထင်ရှားဖြစ်လာခဲ့ပြီးနောက် လိင်အရှုပ်အထွေးများ ပေါ်ပေါက်ဖြစ်ပွားရာ ကျောင်းဖြစ်နေပြီး ယောဂကျောင်းတက်ရောက်သည့် အဖွဲ့ဝင်ပေါင်းလည်း ထောင်ပေါင်းများစွာရှိသည့် ကျောင်းတစ်ကျောင်းဖြစ်ခဲ့သည်။

အသက် ၁၇ နှစ်တွင် ယောဂစတင် ကျင့်ကြံလာသည့် ဘိုင်ဗိုလာရုသည် အသက် ၁၅ နှစ်အရွယ် ကညာအပျိုစင်မိန်းကလေးများနှင့် သွေးသားနှီးနှောခြင်းသည် သျှတ္တရအလင်းရောင်ကို ဖြာထွန်းစေသည်ဟု အတွေးအခေါ်များ ဟောပြောသူလည်းဖြစ်သည်။

၁၉၉၀ ခုနှစ်များက စတင်ခဲ့သည့် အလုံးစုံစိတ်ဝိညာဉ်တစ်သားတည်းကျခြင်း လှုပ်ရှားမှုဆိုသည့် ယောဂအဖွဲ့အစည်းကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။

လက်ရှိတွင် ပါရီ၌ ၎င်းအား ဖမ်းမိထားပြီး ရိုမေးနီးယားသို့ တရားခံလွှဲပြောင်းပေးမပေး တရားသူကြီးများက ဆုံးဖြတ်ချက် ချမည်ဖြစ်သည်။

အလုံးစုံစိတ်ဝိညာဉ်တစ်သားတည်းကျခြင်း လှုပ်ရှားမှုသည် သဘာဝလွန်ဆန်းကြယ်ထုံးတမ်းပြုမူမှုများဖြင့် ယောဂဝိညာဉ်အတွက် ကျင့်ကြံနည်းလမ်းစဉ်ဖြစ်သည်။ ယင်းလှုပ်ရှားမှုတွင် ပါဝင်ဝတ်ပြုသူများက ဆယ့်နှစ်လရာသီခွင်သီချင်းသံများဖြင့် လက်ချင်းချိတ် ဝိုင်းကြီးဖွဲ့ကာ စုရုံးကြခြင်းများကို လုပ်ဆောင်ကြခြင်းဖြစ်သည်။

ယောဂဂုရုကြီး ဘိုင်ဗိုလာရုအား ဆွိဒင်တွင် နိုင်ငံတကာဖမ်းဝရမ်းအရ ဦးစွာဖမ်းမိခြင်းဖြစ်သည်။ သို့သော်လည်း ဆွိဒင်က ၎င်းကို နောက်ပိုင်း နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့သည်။

ပေါတူဂီတွင် လက်ရှိ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဘိုင်ဗိုလာရုနှင့် ယောဂကျင့်စဉ်အရ အသက် ၁၅ နှစ်အရွယ်တွင် သွေးသားဖလှယ်ခဲ့ရသူ အရာဘီလာမာကွက်စ်က ၎င်းကြုံတွေ့ခဲ့ရပုံအား ယခုကဲ့သို့ ပြန်ပြောင်းပြောသည်။

“အဲဒီအချိန်တုန်းက ဘိုင်ဗိုလာရုက ကျွန်မာကို ပြောပါတယ်။ ယောဂလမ်းညွှန်သူအဖြစ် သူနဲ့ သွေးသားဆက်ဆံပါ။ ဒါဆိုရင် ကျွန်မ စိတ်ဝိညာဉ်တန်ခိုး အဆင့်တက်လာလိမ့်မယ်လို့ ပြောတယ်။ သူ တိုက်ခန်းမှာဆိုရင်လည်း သူနဲ့ လိင်ဆက်ဆံတဲ့ မိန်းကလေးတွေနဲ့ မပြတ်တမ်း ရှိနေတတ်တယ်။”ဟု အရာဘီလာက ပြောသည်။

“ဒီတိုက်ခန်းမှာ မိန်းကလေးတွေအနေနဲ့ ရက်ပိုင်း ဒါမှမဟုတ် သီတင်းပတ်အနည်းငယ် နေကြရတယ်။ ဒီနောက်မှာတော့ အခြားမိန်းကလေးသစ်တွေ ရောက်လာပြန်တာပါပဲ။ လိင်စိတ်နိုးကြားနေဖို့အတွက် ဆက်ဆံဖက်တစ်ဦးတည်းနဲ့ ကြာရှည်သွေးသားဖလှယ်နှီးနှောမှုက ကောင်းမွန်တဲ့ နေထိုင်မှုမဟုတ်ဘူးလို့ သူက ပြောဆိုတယ်။”ဟု အရာဘီလာက ဆိုသည်။

“သူက အိန္ဒိယဒဏ္ဍာရီသျှတ္တရကျမ်းတွေကို စိတ်ဝင်စားတယ်။ ဒီအိန္ဒိယ သျှတ္တရအလိုအရဆို စိတ်တန်ခိုးသိဒ္ဓိ မြင့်မားရေးအောင် အပျိုစင် ၁၀၀၀ နဲ့ လိင်ဆက်ဆံပေးရမယ်လို့ ဆိုတယ်။ ဘိုင်ဗိုလာရုက သူနဲ့ လိင်ဆက်ဆံခဲ့တဲ့ မိန်းကလေးတိုင်းက ဘယ်အသက်အရွယ်ဆိုတာ သိထားတယ်။ သူ့ ယောဂကျောင်းက ကျောင်းသူမိန်းကလေးတိုင်းရဲ့ ဓာတ်ပုံနောက်မှာ မွေးသက္ကရာဇ်တွေကို ရေးမှတ်ထားပါတယ်။”ဟု ၎င်းကပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required