ဖမ်းဆီးခံရသည့် ရဟန်းအတွက် အသက်အန္တရာယ်ကို စစ်ကောင်စီတာ၀န်ယူရမည်ဟု မန္တလေးသံဃသမဂ္ဂ သတိပေး

ဖမ်းဆီးခံရသည့် ရဟန်းအတွက် အသက်အန္တရာယ်ကို စစ်ကောင်စီတာ၀န်ယူရမည်ဟု မန္တလေးသံဃသမဂ္ဂ သတိပေး

October 31

မဇ္စျိမ(မန္တလေး)။ ။ သံဃသမဂ္ဂ(မန္တလေး)ဦးဆောင်ရဟန်းတော်တစ်ပါးဖြစ်သည့် ဦးပဉ္စင်းဦးကလျာဏသည် ယမန်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း မန္တလေးတော်လှန်ရေးအင်အားစုများထံက သိရသည်။

“ဦးပဉ္စင်းယောယော(ဦးကလျာဏ) အဖမ်းခံလိုက်ရပြီ၊ အခုက သပိတ်က လူငယ်လေးငါးခြောက်ယောက် လောက်နဲ့လည်း အဆက်အသွယ်ပြတ်နေတယ်၊ သူတို့လည်းအဖမ်းခံလိုက်ရပြီ ထင်တယ်” ဟု တော်လှန်ရေး အင်အားစုမှ တစ်ဦးကပြောသည်။

စစ်အာဏာရှင်အလိုမရှိကြောင်း အာဏာသိမ်းပြီးကတည်းက တစိုက်မတ်မတ်ဆန့်ကျင်တော်လှန်ခဲ့သည့် သံဃသမဂ္ဂ(မန္တလေး)မှ ဦးဆောင်ရဟန်းတော်တစ်ပါးဖြစ်သည့် ဦးပဉ္စင်းဦးကလျာဏ(ယောယော)ကို ယမန်နေ့ အောက်တိုဘာ ၃၀ ရက် ညနေပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)က သတင်ထုတ်ပြန်သည်။

“ဦးကလျာဏ(ယောယော) ၃၀.၁၀.၂၀၂၂ ညနေ ၅ နာရီ၀န်းကျင်အချိန်က အကြမ်းဖက်စစ်မိစ္ဆာများ၏ မတရား အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံခဲ့ရပါသည်” ဟု သံံဃသမဂ(မန္တလေး)ကအတည်ပြုထားပြီး ဦးပဉ္စင်းဦးကလျာဏ၏ အသက်အန္တရာယ်အတွက် စစ်ကောင်စီတာ၀န်ယူရမည်ဟုလည်း အသိပေးထားသည်။

“အကြမ်းဖက်စစ်မိစ္ဆာများ၏ ဖမ်းဆီးခြင်းမခံရမီအချိန်အထိ၊ ဦးကလျာဏသည် ကျန်းမာရေးအလွန်ကောင်းမွန်ပြီး၊ ပျော်ရွှင်စွာနေတတ်သော ငယ်ဖြူစာချ ရဟန်းငယ်တစ်ပါးဖြစ်ပါသည်။ ထို့ကြောင့် ဦးကလျာဏ၏ ကျန်းမာရေးနှင့်အသက်အန္တရာယ်တစ်စုံတစ်ရာဖြစ်ခဲ့သော်၊ အကြမ်းဖက်ဖမ်းဆီးခဲ့သူများသာ တာ၀န်ခံတာ၀န်ယူကြရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဦးပဉ္စင်းဦးကလျာဏအပြင် မန္တလေးမြို့ကသပိတ်စစ်ကြောင်းများတွင် ပူးပေါင်းပါ၀င်လေ့ရှိသော လူငယ်တချို့မှာလည်း အဆက်အသွယ်ပြတ်တောက်နေကြောင်းသိရပြီး ၎င်းတို့နှင့်အဆက်အစပ်ရှိသူများ ရှောင်ရှားနေထိုင်သင့်ကြောင်း တော်လှန်ရေးအင်အားစု၀င်များက သတိပေးထားသည်။

ဖမ်းဆီးခြင်းခံံလိုက်ရသည့် လူငယ်များနှင့်ပတ်သက်၍ မည်သူမည်ဝါဆိုသည်ကို လတ်တလောအတည်မပြု နိုင်သေးကြောင်း ယင်းအင်အားစုများက ဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့၏အာဏာသိမ်းမှုကို လက်မခံဘဲ ငြိမ်းချမ်းစွာဆန္ဒပြသည့်ပြည်သူလူထုကို မအောင်မြင်သောအာဏာသိမ်းမှု လပေါင်းများစွာကြာသည်အထိ အကြမ်းဖက်နှိမ်နင်း ဖမ်းဆီးသတ်ဖြတ်မှုတို့ ပြုလုပ်လျက်ရှိသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#သံဃသမဂ္ဂ

#စစ်ကောင်စီ

#ဖမ်းဆီးခံရ

#မန္တလေးတော်လှန်ရေးအင်အားစု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required