‘ကျားကို အတောင်ပံ တပ်လိုက်သလို’ ဖြစ်သွားမယ်

By မောင်ရဲဒင်
21 October 2022
‘ကျားကို အတောင်ပံ တပ်လိုက်သလို’ ဖြစ်သွားမယ်
Photo - EPA

အောက်တိုဘာ ၂၁

လာမယ့် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီ ဥက္ကဌကို လက်ရှိအာဆီယံ အလှည့်ကျဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခြင်းမရှိဘူးဆိုတဲ့သတင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ မဇ္ဈိမသတင်း ဖေ့ဘုတ်စ်စာမျက်နှာမှာ ဖတ်လိုက်ရပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် တိုးတက်မှုမရှိသရွေ့ အာဆီယံ အစည်းအဝေးများတွေမှာ စစ်ကောင်စီကိုမဖိတ်ဖို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ဖုန်းဆက် ဆွေးနွေးခဲ့ကြစဉ်မှာ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောဆိုခဲ့ဖူးသေးတယ်။ အာဆီယံဟာ စစ်ကောင်စီနဲ့ပတ်သက်ရင် အတော်လေးကို အရှက်ရ၊ သိက္ခာကျစရာ ဖြစ်နေပါပြီ။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဆိုတာကို စစ်ကောင်စီခေါင်းဆောင်က ‘ဖုတ်လေတဲ့ငပိ ရှိတယ်တောင်မထင်’ဆိုသလိုပါပဲ၊ လုံးဝကို ဂရုမစိုက် တစ်ချက်မှကို ခုထိလည်းအကောင်အထည်ဖော်ဖို့ လမ်းစမမြင်မိပါဘူး။ 

အာဆီယံ ဘာဆက်လုပ်မလဲဆို ဒီလိုမျိုး အစည်းအဝေးတွေမှာ စစ်ကောင်စီကို မဖိတ်ဖို့၊ ဖယ်ကြဉ်ထားဖို့ ဒီလောက်ထက် သိပ်ပိုစရာလည်းမရှိပါဘူး။ အာဆီယံ ပဋိဉာဉ်ထဲမှာကိုက ‘တစ်နိုင်ငံရဲ့ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး’ဆိုတဲ့ ကြားနေဆန်ဆန် မူဝါဒကိုထည့်သွင်းထားတဲ့အတွက် ဒါထက်ဘာမှမပိုဘူးလို့ ဆိုရတာပါ။ ပိုဆိုးတာကတော့ အာဆီယံအဖွဲ့အနေနဲ့သာ ဒီလိုမျိုး စစ်ကောင်စီကို ဖယ်ကြဉ်ထားတာမျိုးလုပ်ပေမဲ့ တစ်နိုင်ငံချင်းစီရဲ့ သဘောထားကျ အမျိုးမျိုးဖြစ်နေပြန်နိုင်တယ်။ လွယ်လွယ်ပြောရရင် ‘ငါတို့ အာဆီယံ အနေနဲ့ မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဘူး၊ မဆက်ဆံဘူး’လို့ဆိုတောင် အဲလိုဆုံးဖြတ်ချက်မျိုးကို နိုင်ငံအားလုံးက တညီတညွတ်တည်း လိုက်နာဖို့က မဖြစ်နိုင်ပြန်ပါ။ အာဆီယံရဲ့ ပဋိဉာဉ်နဲ့ လုပ်ထုံးလုပ်နည်းတွေ မတိကျ မသေချာတာရယ်၊ ရှုပ်ထွေးလျော့ရဲနေတာတွေက စစ်ကောင်စီအတွက် တစ်နိုင်ငံချင်းစီလိုက်ပြီး ထိတွေ့ဆက်ဆံဖို့ အခွင့်ရစေသလို ဖြစ်စေပါတယ်။ အာဆီယံရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာက ဘာမှရှိလှတာ မဟုတ်ပါဘူး၊ အလွန်ဆုံး အဖွဲ့ထဲကနေ မြန်မာနိုင်ငံကို ထုက်ပယ်လိုက်တာမျိုးက အဆုံးစွန်ဆုံး အရေးယူမှုဖြစ်မှာပါ။ 

ဒါပေမဲ့ ဒီတစ်ကြိမ် မြန်မာစစ်တပ် အာဏာသိမ်းမှုကိုတော့ အာဆီယံနိုင်ငံ အတော်များများ သိပ်ပြီး ထောက်ခံတဲ့ အမူအရာမပြသလို၊ သီးခြားခွဲထွက်ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ နီးကပ်တဲ့ဆက်ဆံရေး သိပ်မလုပ်တာက ထူးခြားတယ်လို့ ဆိုနိုင်တယ်။ ‘အကျိုးစီးပွား’အရလည်း စစ်ကောင်စီနဲ့ဆက်ဆံလို့ ဘာမှ ရလဒ်ကောင်းတွေဖြစ်လာဖို့ မရှိတာလည်းပါပါမယ်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကာလတွေတုန်းကလို ကမ္ဘာကြီးက မဟုတ်တော့ပါဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလိုဖြစ်လာပါတယ်။ သီးခြား ခွဲထွက် အထီးကျန်ပြီးနေရင် နေတဲ့နိုင်ငံနဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းသာ ဘေးရောက်ပြီး ခေတ်နောက်ကျ ကျန်ခဲ့မှာဖြစ်ပါတယ်။ ‘ကမ္ဘာ့ရွာ’အပြင်ဘက်ထွက်ထိုင်နေတဲ့ နိုင်ငံဆိုတာ အရေအတွက်အားဖြင့် အင်မတန် နည်းပါးပါတယ်၊ ဥပမာဆို ‘မြောက်ကိုရီးယား’လိုပေါ့။ အဲ့လိုအထီးကျန်နိုင်ငံမျိုးတွေဟာ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အာဏာရှင်စနစ်နိုင်ငံတွေသာဖြစ်ပြီး အုပ်ချုပ်သူခေါင်းဆောင်ပိုင်းတွေသာ ကြွယ်ဝချမ်းသာလေ့ရှိသလို၊ ပြည်သူကတော့ ‘လူဖြစ်ယုံမျှ’အနေအထားနဲ့ ဆင်းရဲပင်ပန်းကြီးစွာ ရှင်သန်နေကြရပါတယ်။ အကြွင်းမဲ့ အာဏာရှင်စနစ်ဆန်လေ တိုင်းပြည်နဲ့ပြည်သူ ဆင်းရဲလေဖြစ်ပြီး၊ အုပ်စိုးသူ အာဏာရှင် ဒါမှမဟုတ် အုပ်စုကတော့ အဆမတန် ကြွယ်ဝချမ်းသာလေပါပဲ။ 

အာဏာသိမ်း စစ်ကောင်စီ ခေါ် မြန်မာစစ်တပ်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စိတ်စေတနာဟာ ‘သူတို့ ပေးတာယူ၊ ကျွေးတာစား’ဆိုတာထက် မပိုပါ။ ဦးနေဝင်း၊ ဦးသန်းရွှေ စစ်အာဏာရှင်စနစ် နှစ်ဆက်လုံးမှာ တိုင်းပြည် သယံဇာနဲ့ ပြည်သူ့ဘဏ္ဍာကို စိတ်ထင်တိုင်း အကျင့်ပျက်ခြစားမှု လုပ်ခဲ့ကြတယ်။ တရားဝင် ရိက္ခာလစာ၊ အကျိုးခံစားခွင့်ထက်ပိုတဲ့ လာဘ်စားမှုတွေလုပ်ခဲ့ကြသို အောက်ခြေ ပြည်သူ့ဝန်ထမ်းအဆင့်ထိ စာရိတ္တပျက်စီး ခဲ့တယ်။ မြန်မာနိုင်ငံ အစိုးရဌာနတွေမှာ ‘နေရာကောင်း’၊ ‘လူကြီးသားသမီး’၊ ‘ပိုင်ရာဆိုင်ရာ’ဆိုတွေက ရွံရှာစရာ ကောင်းတဲ့အထိ တောထလွှမ်းခဲ့တယ်။ အခု စစ်တပ်အာဏာသိမ်းတာဟာ ဒီလိုမျိုး အနေအထားတွေဆီ ပြန်သွားချင်တာကြောင့်ပါပဲ။ ဒီမိုကရေစီစနစ်အတွင်း လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်တွေ၊ လုပ်ငန်းကိုင်ငန်းတွေမှာ ‘တန်းတူညီမျှ’ ယှဉ်ပြိုင်လုပ်ကိုင်ရမှုတွေကို မြန်မာစစ်တပ်မမြင်ချင်ပါ။ နေရာတကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံမှာ စစ်တပ်နဲ့စစ်တပ်ဆက်နွယ်သူတွေကသာ အရာရာကို လွှမ်းမိုးချုပ်ကိုင် ကြီးစိုးချင်တာပဲ လိုချင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ‘တန်တူညီမျှခွင့်ရရေး’ ‘ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး’ ကိစ္စရပ်တွေကိုပါ စစ်တပ်အလိုကျ ကြီးစိုးပုံဖော်မယ်အထိပါဝင်တယ်။ 

ဗီအိုအေသတင်းဌာနက ဦးကျော်ဇံသာနဲ့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လျံမှုန်းဇာခေါင်းတို့ အင်တာဗျူးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့မှာ ဖတ်လိုက်ရပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရအနေနဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်မှု ဘယ်အတိုင်းအတာထိရှိလဲ ဆိုတာကို အဓိကထား ဆွေးနွေးမေးမြန်းသွားတာပါ။ ဒေါက်တာ လျံမှုန်းဇာခေါင်းက ပြောဆိုရာမှာ စစ်တပ်က အာဏာသိမ်းတော့၊ အန်စီအေလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့ ၁၂ ဖွဲ့က ချက်ချင်းဆိုသလို ဆန့်ကျင်ကန့်ကွက်ခဲ့တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦိးဆောင်မှုအဖွဲ့(PPST)ရဲ့ အကြံပေးတစ်ဦးက စစ်အာဏာသိမ်းစကာလမှာ အကြံပေးစာတစ်ခု PPST ကိုပေးပို့လာတယ် ဆိုပါတယ်။

အဲ့မှာ - “အဲဒီအကြံပေးစာက ဘာလဲဆိုတော့ အခုအာဏာသိမ်းနေတာ၊ မင်းအောင်လှိုင်နဲ့ အောင်ဆန်းစုကြည်တို့ရဲ့ ပြဿနာ ဖြစ်တယ်။ NLD နဲ့ စစ်တပ်အတွင်းက ပြဿနာ ဖြစ်တယ်။ ဗမာ-ဗမာအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာ ဖြစ်တဲ့အတွက် ကျနော်တို့ တိုင်းရင်းသားတွေ မပါသင့်ဘူးဆိုပြီး အကြံပေးစာ ရေးပါတယ်။ အဲဒီအကြံပေးစာက ကျနော်တို့ PPST အတွင်းမှာ နှစ်ခြမ်းကွဲသွားစေပါတယ်”လို့ ဒေါက်တာ လျံမှုန်းဇာခေါင်းက ဆိုတယ်။ 

ဆိုလိုတာက စစ်ကောင်စီကလည်း တိုင်းရင်းသား အရေးကိစ္စနဲ့ချိတ်ဆက်ပြီး သူတို့ဩဇာအာဏာ တည်မြဲရေးနဲ့ တရားဝင်မှု ခေါ် legitimacy ရရေးကို လုပ်ယူဖို့စိုင်းပြင်းနေတယ် ဆိုတာကိုပါ။ သိပ်မကြာသေးခင်က ‘ဝ’၊ ‘မိုင်းလား’ အဖွဲ့တွေနဲ့ဆုံရာမှာ ‘ပြည်နယ်အဆင့်သတ်မှတ်ရေး’ဆိုတာနဲ့ စစ်ခေါင်းဆောင်က မက်လုံးပေး ဆွေးနွေးတာကိုကြည့်ရင် ဒီသဘောကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဒေါက်တာလျံမှုန်းဇာခေါင်းက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)ကနေ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ‘ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်’ကို ညွန်းပြီး ဆွေးနွေးသွားပါတယ်။ အဲဒီ့ ပဋိညာဉ်ထဲမှာ လမ်းညွှန်မှု(၅)ချက်နဲ့ အခြေခံမူ (၆၄)ချက်ပါဝင်ပြီး၊ အဲ့အရာတွေပေါ်အခြေခံပြီး အနာဂတ်မှာ အာမခံချက် အပြည့်အဝရှိတဲ့ ‘ဖက်ဒရယ် ပြည်ထောင်စု’ကို ဖန်တီးတည်ဆောက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါက်တာက တိုင်းရင်းသား အဖွဲ့အစည်းတွေထဲမှာ war economy လို့ခေါ်တဲ့ စစ်ပွဲအခြေပြုပြီး အကျိုးစီးပွားရှာတဲ့ အဖွဲ့အစည်းတွေရှိနိုင်သလို၊ ကိုယ့်လူမျိုးအကျိုးစီးပွား တစ်နည်းအားဖြင့် အမျိုးသားရေး အခြေပြုတဲ့ အဖွဲ့အစည်းတွေလည်းရှိတယ်လို့ ထည့်သွင်းပြောကြားသွားတာ တွေ့ရပါတယ်။ ဒါကိုထောက်ဆရင် စစ်ကောင်စီနဲ့ အရင် စစ်အာဏာရှင်အဆက်ဆက်ဟာ စစ်ပွဲအခြေပြု အကျိုးစီးပွားရှာတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို မြှောက်ပေးမွေးထုတ်ခဲ့သလို၊ သူတို့အတွက် နိုင်ငံရေးဆိုင်ရာမှာ အကျိုးအမြတ်ရှိအောင် အဲဒီ့အဖွဲ့တွေကို ပြန်လည်အသုံးချတာမျိုးလည်း လုပ်ခဲ့တာတွေ့နိုင်မှာပါ။ 

ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဘေးကျပ်နံကျပ် ဖြစ်သထက်ဖြစ်လာနေတဲ့ စစ်ကောင်စီဟာ ပြည်ပမှာ အသက်ရှူပေါက်အတွက်ဆို ‘ရုရှား’ကိုသာပစ်ပုံအပ်အားကိုးနေရတဲ့ အနေအထားရှိပါတယ်။ အာဆီယံကလည်း စစ်ကောင်စီကို အင်မတန်စိတ်ပျက်လွန်းလို့သာ အစည်းအဝေးတွေမဖိတ်တာပါ၊ ဘုံသဘောတူညီချက်တွေကို မလိုက်နာယုံမက ဥက္ကဌနေရာက ဟွန်ဆန်က တစ်သီးပုဂ္ဂလ မေတ္တာရပ်ခံတာမျိုးကိုတောင် စစ်ကောင်စီ ခေါင်းဆောင်က အဖက်မလုပ်ခဲ့ပါဘူး။ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို သေဒဏ်စီရင်ပစ်တာက အကြီးမားဆုံး နမူနာပါ။ နောက်တစ်ချက်က အာဆီယံကိုယ်တိုင်လည်း စစ်ကောင်စီကြောင့် တစ်နည်းအားဖြင့် မြန်မာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာရဲ့ ဖိအားပေးမှုဒဏ်ကို အတော်လေးခံနေရပါတယ်။ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အတော်လေး အားစိုက်တယ်လို့ ဆိုနိုင်တယ်။ ဒီရက်ပိုင်းထဲတင် ဖိလစ်ပိုင်သမ္မတသစ်ဖြစ်တဲ့ ဖာဒီနန် မားကို့စ်ဂျူနီယာက မြန်မာ့အရေးကို ပုံစံသစ်နဲ့ ချဉ်းကပ်ဖြေရှင်းဖို့ လာမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အဆိုပြုသွားမယ် ဆိုပါတယ်။ သူ အဆိုပြုမယ်ဆိုတာထဲ အငြင်းပွားစရာကတော့ စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့လည်း အာဆီယံက တိုက်ရိုက်ထိတွေ့ ဆွေးနွေးညှိနှိုင်းတာမျိုး လုပ်သင့်တယ်ဆိုတဲ့ အချက်ပါ။ လက်တလောမှာ စစ်ကောင်စီကို အာဆီယံ အစည်းအဝေးတွေမှာ မဖိတ်ထားတဲ့အတွက် ဒီချဉ်းကပ်မှုက ဘာကိုဆိုလိုတာလဲဆိုတာ‌တော့ စောင့်ကြည့်ရမှာဖြစ်တယ်။ 

ပြည်တွင်းမှာ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှု တစ်စက်မှမလျှော့သေး၊ မရပ်သေးတဲ့ အာဏာသိမ်း စစ်ကောင်စီကို အာဆီယံဟာ မဖျောင်းဖျနိုင်တာတော့ အမှန်ပါ။ အာဆီယံ အထူးသံကိုရော၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုရော စစ်ခေါင်းဆောင်က တွေ့ယုံတာရှိပြီး၊ ပြောဆိုအကြံပြုသမျှကို ဘာတစ်ခုမှ လက်မခံ၊ ငြင်းဆိုပယ်ချခဲ့ချည်း ဖြစ်ပါတယ်။ သံခင်းတမန်ခင်းနည်းလမ်းနဲ့ စစ်ကောင်စီကို ထိတွေ့အဖြေရှာမှုက ဂိတ်ဆုံးသလောက်ဖြစ်နေပြီ ဆိုနိုင်တယ်။

အမေရိကန်နဲ့ အနောက်အုပ်စု အသိုင်းအဝန်း မဟာမိတ်တွေကနေ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုလုပ်တာတွေက ပိုမိုပြီးထိရောက်တဲ့သဘောရှိပါတယ်။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ရုတ်သိမ်းသွားတာအပါအဝင် စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက် လိုက်တာက ရေရှည်အသက်ဆက်ရေးကို ထိခိုက်စေခဲ့တယ်။ ဒီနေရာမှာ ကြားဖြက်ဂုဏ်ပြုပြောရင် Justice for Myanmar အဖွဲ့ကနေ ဦးဆောင်ကြိုးပမ်းတဲ့ ကမ်ပိန်းတွေက အတော်လေးကို ထိရောက်အောင်မြင်တယ် ဆိုတာကိုပါ။ စုပေါင်းလက်မှတ်ထိုး ကန့်ကွက်စာ ပေးပို့ထုတ်ပြန်တာတွေက ‘တာဝန်သိ ကျင့်ဝတ်ရှိ’ စီးပွားရေး လုပ်ငန်းစုကြီးတွေ စစ်ကောင်စီထိန်းချုပ်ရာ စီးပွားရေးစနစ်အောက်ကနေ ထွက်ကုန်စေခဲ့တယ်။ 

ပြီးတော့ ကုလသမဂ္ဂစင်မြင့်လိုမှာ စစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို နေရာမပေး အသိအမှတ်မပြုတာ၊ စကားပြောခွင့်ပါ မရစေတာဟာ ရုရှားအပါအဝင် စစ်ကောင်စီဘက်က ရပ်တည်ပေးနေတဲ့ နိုင်ငံတချို့ရဲ့ကြိုးပမ်းမှုကို အရာမထင်စေပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်ကန်ဆိုရင် ‘စစ်ကောင်စီက ကျင်းပပေးမဲ့ ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့’ နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်သလို၊ အမေရိကန်အနေနဲ့လည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုတဲ့အကြောင်း အတိအလင်း ထုက်ဖော် ပြောကြားထားပါတယ်။ အမေရိကန် ပြည်ထောင်စုက အဲလိုရပ်တည်ရင် တခြားသူ့မဟာမိတ် ဒီမိုကရေစီနိုင်ငံတွေကပါ သူ့အတိုင်း ရပ်တည်သွားဖို့က သေချာသလောက် ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေ ဆိုတာဟာ အမေရိကန်ရဲ့ ဩဇာမကင်းတဲ့ နိုင်ငံတွေက အများစုပါ။ စီးပွားရေး၊ စစ်ရေးအရ ချိတ်ဆက် ပတ်သက်နေကြရတာ များပါတယ်။ 

ချုပ်ရရင် စစ်ကောင်စီဟာ နိုင်ငံတကာ အသိုင်းအဝန်းမှာ ‘မျက်နှာသာရဖို့’ ‘လူရာဝင်မှုရဖို့’ကတော့ လုံးဝမလွယ်ပါ။ ကုလလုံခြုံရေး ကောင်စီမှာ ရုရှားနဲ့တရုတ်ဆီကနေ ဗီတိုသုံးပြီး အကာအကွယ်ပေးတာသာ ရနိုင်ပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်သူတွေကတော့ ကုလသမဂ္ဂဆီကနေ စစ်ရေးအရ အာဏာသိမ်း မြန်မာစစ်တပ်ကို အရေးယူအပြစ်ပေးမှာကို မျှော်လင့်နေကြမှာ မဟုတ်တော့ပါဘူး။ လက်ရှိအချိန်ထိ စစ်ကောင်စီကို ကုလသမဂ္ဂမှာ လူရာမသွင်းပေးတာ၊ နိုင်ငံတကာ အသိုင်းအဝန်းကနေ အန်ယူဂျီကို ထောက်ခံ ထိတွေ့ဆက်ဆံပေးတာကိုပဲ အဓိက အားယူကြတော့တယ်လို့ မြင်ပါတယ်။ မြန်မာပြည်သူတွေ အဓိကအားထည့် အာရုံထားနေတာက တိုင်းရင်းးသား တော်လှန်ရေး တပ်မတော်တွေနဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေက စစ်ကောင်စီကို ကိုယ့်အားကိုယ်ကိုး တော်လှန်တိုက်ခိုက်မှုကိုပဲ ဖြစ်ပါတယ်။ 

လက်ရှိအချိန်ထိ စစ်ကောင်စီကနေ နိုင်ငံကို အပြည့်အဝ ထိန်းချုပ်အုပ်ချုပ်မရနေတာဟာ အဲလိုမျိုး ပြည်သူနဲ့အတူ အန်ယူဂျီ၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ၊ တိုင်းရင်းသား တော်လှန်ရေး တပ်မတော်တွေ တက်ညီလက်ညီ ညီညွတ်နေကြလို့ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်းကနေသာ သံခင်းတမန်းခင်း နည်းလမ်းထက်ပိုတဲ့ အကူအညီတွေပံ့ပိုးပေးမယ်ဆိုရင်တော့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးဟာ ‘ကျားကို အတောင်ပံ တပ်လိုက်သလို’ ဖြစ်ပြီး အချိန်တိုတိုနဲ့ အောင်မြင်မှာ မလွဲပါဘူး။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required