သောက်ရေ ရှားပါးမှုကြံုမည်၊ ထောက်ပံ့ကူညီကြရန် မွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အလှူခံ

သောက်ရေ ရှားပါးမှုကြံုမည်၊ ထောက်ပံ့ကူညီကြရန် မွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အလှူခံ

ယခုနှစ် နွေရာသီ မတ်လမှ မေလအထိ မြန်မာနိုင်ငံ တစ်ဝန်း အယ်လ်နီညို ရာသီဥတု ကြုံတွေ့မည်ဖြစ်ပြီး ရေရှားပါးမည်ဖြစ်ခြင်းကြောင့် သောက်သုံးရေ ရရှိရန် ရေသယ်ယာဉ်၊ ရေသယ်ကုန်ကျစရိတ် စသည်တို့ကို ပါဝင် လှူဒါန်းကြပါရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက အလှူခံထားသည်။

ရေသယ်ယာဉ် (ရေကား၊ မော်တော်ယာဉ်၊ စက်လှေ) ရေသယ်ကုန်ကျစရိတ်၊ စက်ရေတွင်များ တူးဖေါ်နိုင်ရန် ကုန်ကျစရိတ်တို့ကို ပါဝင်လှူဒါန်းကြရန် နှိုးဆော်လိုက်ခြင်းဖြစ်သည်။

”သောက်သုံးရေ ရရှိရေးူ လှူဒါန်းခြင်းအား သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများနှင့်လည်း ဆက်သွယ် လှူဒါန်းနိုင်ပြီး စေတနာရှင် ပြည်သူများ လှူဒါန်းမှုအပေါ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လိုအပ်သည်များ ဖြည့်စွက်၍ အလုံးစုံ ပေါင်းစပ် ဆောင်ရွက်သွားမည်” ဟု အလှူခံ နှိုးဆော်ချက်တွင် ပါရှိသည်။

တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ လှူဒါန်းနိုင်သည်ဟု ဆိုထားပြီး လိုအပ်ပါက နိုင်ငံတော် ထောက်ပံ့ငွေမှ ထည့်ဝင် ဆောင်ရွက်ပေးမည်ဟုလည်း ဆိုထားသည်။

လှူဒါန်းလိုသည်များသည် ပြည်ထောင်စု ဝန်ကြီးရုံး အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ်ထံ ဖုန်းဆက်၍လည်းကောင်း၊ ငါးလုပ်ငန်း ညွှန်ကြားရေးမှူးချုပ်ထံသို့လည်းကောင်း၊ ကျေးလက် ညွှန်ကြားရေးမှူးချုပ်ထံတို့သို့ လည်းကောင်း ဆက်သွယ်လှူဒါန်းကြရန် နှိုးဆော်ထားသည်။

ဖေဖေါ်ဝါရီ ၂၂ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း အယ်လ်နီညို ရာသီဥတုကြောင့် ကြိုတင်ကာကွယ်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့သေးသည်။

အဆိုကို မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာ မောင်သင်းက တင်သွင်းခဲ့ပြီး အယ်လ်နီညို အကျိုးဆက်ကြောင့် အပူ အန္တရယ်၊ သောက်သုံးရေ ရှားပါးမှု၊ မီးအန္တရယ်တို့အပြင် ကျန်းမာရေး ပြဿနာများ၊ စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် ထည့်သွင်းဆွေးနွေးသွားသည်။

တိုက်ဆိုင်စွာပင် မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် သပွတ်ပင်တဲအုပ်စု သီးပင်ကုန်း ကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်နေခြင်းကြောင့် တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးက ဖေဖေါ်ဝါရီ ၂၂ ရက်တွင် ရေများ သွားရောက်ဖြန့်ဝေ ပေးခဲ့ရသေးသည်ဟု ကြေးမုံသတင်းစာတွင် ဖေါ်ပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required