စစ်မှုထမ်းဟောင်းများအတွက် ဘိုးဘွားရိပ်သာအား တပ်မတော်နေ့အမီ ဖွင့်လှစ်နိုင်ရန် ကြိုးစားနေ

စစ်မှုထမ်းဟောင်းများအတွက် ဘိုးဘွားရိပ်သာအား တပ်မတော်နေ့အမီ ဖွင့်လှစ်နိုင်ရန် ကြိုးစားနေ
photo- KarunaKaba fb

ဖေဖော်ဝါရီလ ၂၂ ရက် ။            ။ စစ်မှုထမ်းဟောင်းများအတွက် ရည်ရွယ်ထားသည့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ (နေပြည်တော်) ကို လာမည့် မတ်လ ၂၇ ရက် တပ်မတော်နေ့အမီ ဖွင့်နိုင်ရန် ကြိုးစားနေသည်ဟု ယင်းရိပ်သာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အသိပေး နှိုးဆော်ထားသည်။

ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ (နေပြည်တော်) ကို "၂၀၁၆ ခုနှစ် တပ်မတော်နေ့အမီ ဖွင့်လှစ်နိုင်ရန် နေ့မအား ညမနား ကြိုးစားတည်ဆောက်လျက်ရှိပါသည်။" ဟု နှိုးဆော်ချက်တွင် ဖော်ပြသည်။

စားဝတ်နေရေး အဆင်မပြေကြသည့် သက်ပြည့်ပင်စင်ခံစားနေကြသူ အသက် ၇၀ ကျော် စစ်သည်များ၊ စစ်သည်များ၏ ဇနီးများ၊ ကျဆုံး/ဒဏ်ရာရစစ်သည်များ၏ ဇနီးများနှင့် မိသားစုများအနေဖြင့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ သွားရောက် နေထိုင်လိုပါက နီးစပ်ရာ တပ်ရင်း/တပ်ဖွဲ့ဌာနချုပ်များ သို့မဟုတ် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များသို့ သွားရောက် ဆက်သွယ်ကြရန်လည်း အသိပေးထားသည်။

ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ ပြီးစီးပါက အဘိုး ၁၈၀ ဦး၊ အဘွား ၁၂၀ ဦး၊ အဘိုးအဘွားစုံတွဲ ၃၆ တွဲ၊ ကျဆုံးဒဏ်ရာရ စစ်သည်များ၏ မိသားစု ၃၆ စု၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရသည့် စစ်သည်လူပျိုနှင့် ကျဆုံးစစ်သည်များ၏ ဇနီးများကို လက်ခံမည်ဟု သိရသည်။ ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရသည့် စစ်သည်လူပျိုနှင့် ကျဆုံးစစ်သည်များ၏ ဇနီးများအတွက် လက်ခံမည့် အရေအတွက်ကိုမှု နှိုးဆောက်ချက်တွင် မပါရှိပေ။

ရိပ်သာတွင် နေထိုင်စဉ်အတွင်း စားဝတ်နေရေးသာမက လူမှုရေးလိုအပ်ချက်များကိုပါ အဆင်ပြေစေရန် စီစဉ်ပေးမည်ဟု လည်းဆိုသည်။ ရိပ်သာ၌ ဘဝတစ်လျှောက်လုံး 'အေးချမ်းစွာ' နေနိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်နေသည်ဟု သိရသည်။

ရိပ်သာတွင် နေထိုင်နိုင်မည့်သူများနှင့် ပတ်သက်၍မူ "တိုင်းပြည်နှင့် လူမျိုးအတွက် နှစ်ရှည်လများ သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့ကြသူများအတွက် တည်ဆောက်နေသည့် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ (နေပြည်တော်)" ဟု သာ ဖော်ပြထားသည်။

လျှောက်လွှာပုံစံ (နမူနာ) များကို တပ်ရင်း/တပ်ဖွဲ့ဌာနချုပ်များ၊ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့များသို့ မကြာမီ ပေးပို့ မည်ဖြစ်သည်။ လာရောက်ဆက်သွယ်ပါက အဆင်ပြေပြေ ဆောင်ရွက်ပေးကြရန် တပ်ရင်း/တပ်ဖွဲ့ဌာနချုပ်များ၊ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့များသို့ အထူးမေတ္တာရပ်ခံထားသည်။

ထို့ပြင် ငွေလှူဒါန်းလိုသူများကိုလည်း ကြိုဆိုနေပြီး အင်းဝဘဏ်လီမိတက်မှတစ်ဆင့် လှူဒါန်းနိုင်သည့်ပြင်၊ ဗိုလ်မှူးကြီး အောင်မြိုင် (စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး)၊ ဗိုလ်မှူးကြီး မြတ်မင်းဦး-တပ်မတော် (ကြည်း၊ ရေ၊ လေ) သတင်းနည်း ပညာဌာန၊ ဒုတိယဗိုလ်မှူးကြီး အောင်သန်း (စစ်ရေးချုပ်ရုံး) တို့ထံသို့လည်း ဆက်သွယ်လှူဒါန်းနိုင်ကြသည်။

နေပြည်တော်၌ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ၏ တည်ဆောက်မှုလုပ်ငန်းခွင်သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါလျက် ပြီးခဲ့သည့်ရက်ပတ်က သွားရောက် စစ်ဆေးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly