အစိုးရ နှင့် အပစ်ရပ်လက်မှတ်မထိုးသေးသည့် UNFC တို့ တွေ့မည်

အစိုးရ နှင့် အပစ်ရပ်လက်မှတ်မထိုးသေးသည့် UNFC တို့ တွေ့မည်

ချင်းမိုင်၊ ဖေဖော်ဝါရီ ၂၁ ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲစာချုပ်မူကြမ်း(NCA) တွင် လက်မှတ်မရေးထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)တို့ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။

NCA လက်မှတ်မထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများဆုံး ပါဝင်သော ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အနေဖြင်သာ တွေ့ဆုံမည် ဖြစ်ပြီး တစ်ဖွဲ့ချင်းအလိုက် တွေ့ဆုံမည် မဟုတ်ကြောင်း UNFC ၏ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က ပြောသည်။

“ကျနော်တို့က UNFC အနေနဲ့ပဲ တွေ့မယ်။ အခုက လက်မှတ်မထိုးသေးတာလည်း အများစုက UNFCမှာပဲ ရှိနေတယ်။ ကျနော်တို့နဲ့ ဒီမှာလာတွေ့ဖို့က အဓိက UNFCမှာ အဖွဲ့ဝင် ဖြစ်တဲ့အဖွဲ့တွေမှာ ဦးတည်တယ်။ တဖွဲ့ချင်းတွေ့တာမျိုးတော့ ကျနော်တို့ကို ယိုယွင်းကျဆင်းအောင် လုပ်တယ်လို့ မြင်တယ်။ တဖက်က ကျနော်တို့ ညီညွတ်ရေးကိုလည်း သူတို့က ပြောတယ်။ တဖက်ကလည်း မညီညွတ်အောင်လုပ်တယ်ဆိုတဲ့ အနေအထားမျိုး ဒါဟာ သိပ်မကောင်းဘူးလို့ ကျနော်ထင်တယ်”ဟု ၎င်းက သထောက်များကို ပြောသည်။

အစိုးရဘက်မှ “ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး” ဒို့အရေးသုံးပါး ကြွေးကြော်နေသော်လည်း လက်တွေ့လုပ်ဆောင်နေမှုများသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ညွန်ညွတ်ရေး ပြိုကွဲစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုသည်။

“ကျနော်တို့ တိုင်းရင်းသားတွေက ကျနော်တို့ ဖာသာနေပြီး ပြိုကွဲနေတာ မဟုတ်ဘူး။ တခါတလေ စိတ်ထဲမှာ ခံစားရတာကတော့ သူတို့က တမင်တကာ မပြိုကွဲတာကို ပြိုကွဲအောင် ဖန်တီးနေသလား၊ ဖော်ဆောင်နေတလားပေါ့။ သူတို့က လုပ်နေတာ တခြား၊ ကျနော်တို့ကတော့ UNFCအနေနဲ့ပဲ တွေ့မယ်။ ဒါကို လက်ခံရင် လက်ခံ၊ လက်မခံရင်လည်း မတွေ့ဘူးဆိုတဲ့ သဘောပဲ ရှိမှာပေါ့နော်” ဟု သူက ပြောသည်။

UPWC ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့သည် ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိလာကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC) မှ အကြီးတန်းအရာရှိ  ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။

“လာမှာတော့ သေချာတယ်။ တွေ့မှာတော့ ဝန်ကြီး ဦးအောင်မင်းအပေါ်မှာပဲ မူတည်တယ်။ ဟိုရောက်မှ ဆုံးဖြတ်ရမှာ။ ကျနော်တို့ပေးထားတဲ့ထဲမှာတော့အန်စီအေ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ တွေ့ဖို့ပါပဲ။ ဒါပေမဲ့ လက်တွေ့သွားမှာတော့ ဘယ်လိုပုံစံနဲ့ တွေ့မလဲဆိုတာ ဟိုရောက်မှသိမယ်။ တွေ့တာလည်း ဖြစ်နိုင်သလို၊ မတွေ့တာလည်း ဖြစ်နိုင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဦးအောင်မင်းနှင့်အတူ MPC မှ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာကျော်ရင်လှိုင်နှင့် ဦးညိုအုန်းမြင့်တို့လည်း လာရောက် ဆွေးနွေးမည် ဖြစ်ကြောင်း ဦးလှမောင်ရွှေက ပြောသည်။

ဦးအောင်မင်း ဦးဆောင်သော အဖွဲအနေဖြင့် NCA လက်မှတ်ရေးထိုးနိုင်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များ ဆက်လက် ဆွေးနွေးသွားနိုင်ရန် အဓိက သွားရောက်တွေ့ဆုံမည် ဖြစ်ကြောင်း၊ ထိုတွေ့ဆုံမှုတွင် UNFC နှင့် တွေ့ဆုံ ဆွေးနွေးမည် မဟုတ်ဘဲ NCA လက်မှတ် မရေးထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်သာ သွားရောက်တွေ့ဆုံရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ဦးလှမောင်ရွှေက ဖေဖော်ဝါရီလ ၂၀ ရက်က မဇ္ဈိမကို ပြောဆိုခဲ့သည်။

ဦးအောင်မင်း ဦးဆောင်သော အဖွဲ့သည်ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၆ ရက်ထိ လာရောက်မည် ဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)နှင့်လည်း တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

NCA လက်မှတ်မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် UPWC တို့သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က NCA လက်မှတ်ရေး ထိုးခဲ့ပြီးနောက် NCA လက်မှတ်မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် UPWC တို့ ပြန်လည် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags