ဩဂုတ် ၁၇
(မဇ္စျိမ) ။ ။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ မရှိခဲ့သည်မှာ လေးလကျော်ရှိခဲ့ပြီဖြစ်သော်လည်း ယခုအခါ ရောဂါကြောင့် သေဆုံးသူ ရှိလာကြောင်း သိရသည်။
COVID-19 ရောဂါကြောင့် သေဆုံးသူမရှိခဲ့သည်မှာ လေးလကျော် (ရက်ပေါင်း ၁၃၂ရက်ကြာ) ပြီးနောက် ဩဂုတ်လ ၁၁ရက်တွင် ပထမဆုံးသေဆုံးသူတစ်ဦးနှင့် ဩဂုတ်လ ၁၆ရက်တွင် သေဆုံးသူလူနာတစ်ဦး ထပ်တိုးလာကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေး၀န်ကြီးဌာနကထုတ်ပြန်သည်။
COVID-19 ရောဂါကြောင့်သေဆုံးသူ တစ်ဦးရှိလာကြောင်း သတင်းထုတ်ပြန်ပြီး ၅ရက်မြောက်နေ့တွင် သေဆုံးသူတစ်ဦး ထပ်တိုးလာခြင်း ဖြစ်သည်။
သို့သော် အဆိုပါသေဆုံးသူများ၏ ဖြစ်စဉ်နှင့် အချက်အလက်များအား ထုတ်ပြန်ချက်များတွင် ဖော်ပြထားခြင်း မရှိပေ။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး
ဝန်ကြီးဌာန၏ ဖော်ပြချက်အရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါရှိ၊ မရှိကို လူ ဦးရေ ၈,၀၀၀ ကျော်အား စစ်ဆေးခဲ့သည့်အနက် ပိုးတွေ့ရှိသူ ၄၉ ဦး ပိုးတွေ့ရာခိုင်နှုန်း ၀ ဒသမ ၅၆ ရာခိုင်နှုန်း ရှိခဲ့ပြီး သေဆုံးသူတစ်ဦးရှိခဲ့ကြောင်း ဖော်ပြထားသည်။
COVID-19 ရောဂါ၏ မျိုးရိုးဗီဇအသွင်ပြောင်း အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်များအား သတိထားရန်လိုအပ်ပြီး ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံဖို့လည်း စစ်ကောင်စီလက်အောက်ခံကျန်းမာရေး၀န်ကြီးဌာနက တိုက်တွန်းထားသည်။
ယခုအခါ COVID-19 ရောဂါကြောင့် သေဆုံးသူ နှစ်ဦး ရှိလာခဲ့ပြီးနောက် COVID-19 ရောဂါကြောင့် ရောဂါဖြစ်ပွားမှု ပြင်းထန်ခဲ့သည့် ယခင်အချိန်များကဲ့သို့ ဆေးဝါးများ ဈေးတက်ခြင်း၊ ဆေးဝါးပြတ်လပ်ခြင်းနှင့် လိုအပ်သည့်အရေအတွက်အလိုက် ဝယ်မရခြင်း များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်များက ပြောဆိုသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး
#COVID-19