အမှတ်ပေးဇယားထိပ်ဆုံးတွင် ရတနာပုံအသင်း အမှားအယွင်းမရှိ ဆက်လက်ဦးဆောင်

အမှတ်ပေးဇယားထိပ်ဆုံးတွင် ရတနာပုံအသင်း အမှားအယွင်းမရှိ ဆက်လက်ဦးဆောင်
ဇေယျာရွှေမြေနှင့်ပွဲ၌ ရတနာပုံအသင်းမှ ရဲကိုဦး ဂိုးသွင်းပြီး အောင်ပွဲခံနေစဉ် (ဓာတ်ပုံ-MFF)

ဖေဖော်ဝါရီ ၁၆ ၊ ရန်ကုန်။             ။ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၆ ပွဲစဉ်များပြီးဆုံးချိန်တွင် ရတနာပုံအသင်းသည် အိမ်ကွင်း၌ ဇေယျာရွှေမြေအသင်းကို အမှားအယွင်းမရှိ အနိုင်ရကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

အဆိုပါပွဲသည် အညာဒါဘီဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ကာ ရတနာပုံအသင်းမှ တိုက်စစ်မှူး ကိဘ်၊ ရဲကိုဦး တို့၏ သွင်းဂိုးများကြောင့် နှစ်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။

အမှတ်ပေးဇယားဒုတိယနေရာမှ ဟံသာဝတီအသင်းမှာမူ ရခိုင်အသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ ရခိုင်အသင်းမှ အန်ဒရေ၏ ဦးဆောင်ဂိုးအား ဟံသာဝတီအသင်းမှ အသင်းခေါင်းဆောင် အောင်ဇော်၏ နောက်ကျချေပဂိုးကြောင့် တစ်ဖက် တစ်ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သည်။

အခြားပွဲစဉ်များတွင် ဧရာဝတီအသင်းက ချင်းအသင်းအား ၂-၃ ဖြင့် အနိုင်ရခဲ့သလို ရန်ကုန်အသင်းမှလည်း ဟော်ရဇွန်အသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ ထို့ပြင် ဇွဲကပင်အသင်းမှာလည်း ရှမ်းယူနိုက်တက်အသင်းအား ၁-၀ ဖြင့် အနိုင်ရခဲ့သည့်အတွက် ယင်းပွဲအပြီး၌ ရှမ်းအသင်းနည်းပြ ရူသာအား ရလဒ်ပိုင်းဆိုးဝါးမှုကြောင့် အသင်းနှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့သည်။

ကျန်ပွဲစဉ်များတွင် မကွေးအသင်းက တန်းတက်ဆောက်သမ်းမြန်မာအသင်းအား အကြိတ်အနယ်ကစားပြီး တစ်ဂိုးစီသရေ ဖြင့် ပြီးဆုံးခဲ့သည်။

ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၆ အပြီး၌ အမှတ်ပေးဇယားထိပ်ဆုံးတွင် ရတနာပုံအသင်းက ငါးပွဲနိုင် တစ်ပွဲသရေ ရမှတ် ၁၆ မှတ်ဖြင့် ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ဟံသာဝတီအသင်းက ရမှတ် ၁၄ မှတ်ဖြင့် ဒုတိယ၊ ဇွဲကပင်အသင်းက ရမှတ် ၁၃ မှတ်ဖြင့် တတိယနေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required