အာဏာရှင်ကိုအံတုတဲ့ ဒေးဗစ်တို့ မိသားစု

အာဏာရှင်ကိုအံတုတဲ့ ဒေးဗစ်တို့ မိသားစု

"စစ်အာဏာရှင်ကိုမကြိုက်လို့ မိသားစုလိုက်အတူတူတော်လှန်ခဲ့ကြတယ်။ မိသားစုလိုက်အတူတူဆန္ဒပြကြတယ်။ အဲ့နောက် ကျွန်တော်တို့ညီအကို နှစ်ယောက်လုံး PDF ထဲဝင်သွားကြတယ်။ လက်ရှိမိသားစုကတော့ အိမ်နီးချင်းနိုင်ငံမှာ တိမ်းရှောင်ရင်း နောက်ကနေ တတ်နိုင်သလောက် ပံ့ပိုးပေးနေတယ်။ ကျွန်တော့်အမေဆိုရင် တအားတက်ကြွတာ။ စစ်အာဏာရှင်ကို သူကိုယ်တိုင် ထိပ်ကနေတိုက်မယ်၊ ချမယ်ပဲ အမြဲပြောနေတာ။ ကျွန်တော့်အဖေလည်း အတူတူပဲ" ဆိုပြီး တမူး PDF တပ်ရင်း ၂ မှာ တိုက်ခိုက်ရေးပိုင်းကနေ ပါဝင်နေတဲ့ သားအကြီးဆုံး ရဲဘော် ဒေးဗစ်ကပြောပြပါတယ်။

မိသားစုဝင် ခြောက်ယောက်ရှိတဲ့ထဲ အဖေကတော့ NLD အစိုးရလက်ထက်မှာ တမူးမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါ။ ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ရာထူးကနှုတ်ထွက်ပြီး အိမ်နီးချင်းနိုင်ငံမှာ ဇနီးသည်အပါအဝင် သမီး နှစ်ယောက်နဲ့အတူ တိမ်းရှောင်နေရပါတယ်။ သားနှစ်ယောက်ကတော့ တမူး PDF နဲ့အတူ ရှေ့တန်းစစ်မြေပြင်မှာ စစ်ကောင်စီတပ်သားတွေကိုတိုက်ထုတ်နေတာ တစ်နှစ်ကျော်လာပါပြီ။

"စစ်ကောင်စီရဲ့လက်နက်ကြီးဘေးမှကျလို့ ကျွန်တော်လည်းလွင့်သွားပါတယ်။ ကျွန်တော့ကို ရဲဘော်တွေလာပြီး အိမ်တစ်အိမ်ကို သယ်သွားကြတယ်။ အဲဒီအချိန်မှာ ကျွန်တော့ရဲ့ခြေထောက်ကို မကြည့်ရဲတဲ့အခြေအနေဖြစ်ခဲ့ရတယ်။ ပြတ်သွားပြီလားပေါ့ တွေးပြီးငိုနေရတယ်။ ဆရာဝန်ရောက်လာတော့ ပြတ်မသွားပါဘူး၊ ယမ်းစထိယုံလောက်ပါပဲလို့ပြောတော့မှ ကျွန်တော်ပြန်အားရှိသွားတယ်။ ကျွန်တော့အနာကို ဆေးဝါးထည့်ပြီးတာနဲ့ ညီအကိုတွေနဲ့ ပြန်ပြီးမှ ချက်ချင်းတော်လှန်ခဲ့တယ်ဗျ" လို့ ရဲဘော် ဒေးဗစ်က သူကြုံခဲ့ရတဲ့အဖြစ်အပျက်ကို နွေဦးသူရဲကောင်းများအစီအစဉ်ကတဆင့် မျှဝေထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required