ဦးမျိုးလှိုင်ဝင်းကို ယူ-၁၉အသင်းနည်းပြခန့်ရန် လျာထား

ဦးမျိုးလှိုင်ဝင်းကို ယူ-၁၉အသင်းနည်းပြခန့်ရန် လျာထား

နေပြည်တော်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်းဝင်းကို မြန်မာယူ-၁၉အသင်း နည်းပြချုပ်အဖြစ်ခန့်အပ်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကလျာထားသည်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဦးမျိုးလှိုင်ဝင်းမှာ နည်းပြဘဝကို အပျော်တမ်းကလပ် Air Bagan အသင်းနှင့်စတင်ခဲ့ပြီး ပထမဆုံးပရော်ဖက်ရှင်နယ်ကလပ်အသင်းအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သည်။

ရန်ကုန်အသင်းကို နှစ်ရာသီကြာတာဝန်ယူပြီးနောက် နေပြည်တော်အသင်း သို့ပြောင်းရွှေ့ခဲ့ကာ နေပြည်တော်အသင်းကို AFC Cup ပြိုင်ပွဲဝင်ခွင့်ရရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

“ကျွန်တော်တို့ လာမယ့်နှစ်တွေမှာကစားမယ့် အာဆီယံယူ-၁၉ချန်ပီယံရှစ်နဲ့ အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲ တွေအတွက် ယူ-၁၉အသင်းကို ပြင်ဆင်ဖွဲ့စည်းဖို့ရှိပါတယ်။ နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းကို လျာထားပါတယ်။ သူ့ကို ပြောထားတာတော့ရှိပါတယ်။ တရားဝင်ညှိုနှိုင်းတာမျိုးတော့ မလုပ်ရသေးပါဘူး။”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းကပြောသည်။

ယူ-၁၉အသင်းကို ၂၀၁၆ အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲအပြီးကတည်းက ဖျက်သိမ်းထားသော်လည်း ကစားသမားအချို့ကိုစုစည်းကာ ယူ-၁၉(ခ)အသင်းအဖြစ် ဆက်လက်ဖွဲ့စည်းထားသည်။ မြန်မာယူ-၁၉(ခ)အသင်းကို နည်းပြချုပ်အဖြစ် ဦးသန်းထိုက်ကတာဝန်ယူနေပြီး လက်ထောက်နည်းပြအဖြစ် ဦးအောင်ကျော်ထွန်းက ဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required