ANP ပါတီနာယက ဦးအေးသာအောင်အား တိုင်းရင်းသားအားလုံး အကျိုးကိုဆောင်ရွက်ရန်တိုက်တွန်း

ANP ပါတီနာယက ဦးအေးသာအောင်အား တိုင်းရင်းသားအားလုံး အကျိုးကိုဆောင်ရွက်ရန်တိုက်တွန်း
ဓာတ်ပုံ-ဇော်ခမ်းဟိန်း

ရန်ကုန်၊ ဇန်နဝါရီ(၂၈)ရက်။             ။ ရခိုင်အမျိုးသားပါတီ (ANP) နာယက ဦးအေးသာအောင်အား အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးခြယ်ခံရခြင်းကို ကြိုဆိုသော်လည်း ၎င်းအနေဖြင့် ရခိုင်အမျိုးသား တစ်ခုတည်း၏ အကျိုးကိုမကြည့်ပဲ တိုင်းရင်းအားလုံးအကျိုးကို ဆောင်ရွက်သင့်ကြောင်း ဆရာတော်ဦးပါမောက္ခက မိန့်ကြားလိုက်သည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲအများဆုံးအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌများရွေးခြယ်ခန့်ထား ရာတွင် ရခိုင်အမျိုးသားပါတီနာယက ဦးအေးသာအောင်ကို အမျိုး သားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးခြယ်ခဲ့ခြင်း ဖြစ်သည်။

" မြန်မာပြည်သူလူထုအားလုံး ပညာရေး ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေးအမျိုးသားပြန်လည် သင့်မြတ် ရေး တရားဥပဒေစိုးမိုးရေး တိုးတက်ဖို့ ဆောင်ရွက်သွားမယ်ဆိုရင် အကောင်းဆုံးပါပဲ။ ဦးအေးသာအောင် အခု လို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်လာတဲ့အပေါ်မှာ ကြိုဆိုတယ်။သို့သော် ရခိုင်တိုင်းရင်းသား တစ်မျိုး တည်းအတွက်ပဲ မမြင်ပဲ အားလုံးအတွက် အမြင်ကျယ်ကျယ်နဲ့ ထမ်းဆောင်သွားဖို့ ဦးဇင်းအနေနဲ့ တိုက်တွန်း ချင်တယ်"ဟု မကွေးကျောင်း ဆရာတော် ဦးပါမောက္ခက မိန့်သည်။

ရခိုင်ပြည်နယ်နေရာအနှံ့တွင် ရခိုင်တပ်မတော် AAနှင့်ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးမှုများကို မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ပေးစေချင်ကြောင်း၊ AAကိုလည်း နိုင်ငံရေးစားပွဲဝိုင်းထဲ ဝင်ရောက်ဆွေးနွေးလာနိုင်အောင်အတွက် လက်ခံပေးနိုင်ဖို့အတွက် တိုက်တွန်းပေးစေလိုကြောင်း ကျောက်ဖြူမြို့နယ် ရှေ့နေအသင်းမှ ကိုဟန်မင်းအောင်က ပြောသည်။

 ဦးအေးသာအောင်အား အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌအဖြစ်ရွေးခြယ်ခံရခြင်းအပေါ် ရခိုင် ပြည်နယ်အမျိုးသားအင်အားစုပါတီမှ ဦးအေးကြိုင်က" လွှတ်တော်ဆိုတာ ဒီမိုကရေစီအခင်းအကျင်းမှာ အဓိက အချက်အခြာကျတဲ့နေရာတစ်ခုပဲလေ။ သူ့အနေနဲ့ လုပ်စေချင်တာကတော့ ကျွန်တော်တို့ ပြည်နယ်အသီးသီး  ရဲ့ ရပိုင်ခွင့်လေးတွေပေါ့နော်။ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေးမှာလည်း ပြောခဲ့တာရှိ တယ်။ အာဏာခွဲဝေရေးကိစ္စတွေ၊ သယံဇာတခွဲဝေရေး ကိစ္စတွေ တခြားတခြား လူဝင်စီးဆင်းမှု ကိစ္စတွေနဲ့ အဓိက ထိရောက်နိုင်တဲ့ ကိစ္စတွေ အပါအဝင်ပေါ့ သူ့အနေနဲ့ လုပ်ပေးစေချင်တဲ့ ဆန္ဒကတော့ ကျွန်တော့ဆီမှာ အများကြီးရှိနေတယ်။"ဟု ဆိုသည်။

အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်အနေဖြင့် ရခိုင်ပြည်နယ်အစိုးရဖွဲ့စည်းပါက ပြည်နယ်အတွင်းမဲအများဆုံးရရှိထားသည့် ရခိုင်အမျိုးသားပါတီကို ဦးဆောင်ဖွဲ့စည်းပေးရန်   တောင်းဆိုထားပြီး  မရရှိပါက အတိုက်အခံအနေဖြင့် ရပ်တည်သွားမည်ဟု ANPကထုတ်ပြန်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်  ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မန်းဝင်းခိုင်းသန်းနှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုး သားပါတီမှ ဦးအေးသာအောင်တို့ကို ရွေးခြယ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ရေးရာကော်မတီကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလောင်း ဦးဝင့်မြင့်ဦးဆောင်စေ၍ အဖွဲ့ဝင် ၅ ဦးဖြင့် ဇန်နဝါရီ ၂၇ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် အမျိုးသား လွှတ် တော် ဥက္ကဋ္ဌလောင်း မန်းဝင်းခိုင်သန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦး၊ ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးတို့ ပါဝင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required