ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ပိတ်သိမ်း

ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ပိတ်သိမ်း

နေပြည်တော်၊ဇန်နဝါရီ ၂၈ ။            ။ ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က လွှတ်တော်သက်တမ်း မကုန်ဆုံးမီ တစ်ရက်အလို ဇန်နဝါရီလ ၂၈ ရက်တွင်ကြေညာခဲ့သည်။

"အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး နိုင်ငံတော် နှင့် နိုင်ငံသားတို့အကျိုးကို ဆက်လက်သယ်ပိုးနိုင်ကြပါစေကြောင်း နှင့် ချမ်းသာကိုယ်စိတ်မြဲကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးကို ပိတ်သိမ်းကြောင်း ကြေညာပါတယ် "ဟု ဦးခင်အောင်မြင့် က ပြောခဲ့သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ တစ်ရက်တွင် စတင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၈ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်း နှင့် ဒုတိယဥက္ကဌအဖြစ် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၆ မှ လွှတ်တော်ကိုယ်စားလှယ် ဦးအေးသာအောင် က တာဝန်ယူသွားမည်ဖြစ်သည်။

ကျင်းပပြီးစီးခဲ့သော ပထမအကြိမ် အမျိုသားလွှတ်တော်သည် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃) မှ ဒေါက်တာစိုင်းမောက်ခမ်း (ခ) မောင်အုန်း အား ဒုတိယ သမ္မတအဖြစ်တင် မြှောက်ပေးခဲ့သည်။ ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးမှ ဒုတိယသမ္မတ ရာထူး တစ်ဦး၊ ပြည်ထောင်စုဝန်ကြီးရာထူးနှင့် ငါးဦး ထွက်ပေါ်ခဲ့သည်။ 

ပထမအကြိမ် အမျိုးသားလွှတ်တော်သည် သူ၏ သက်တမ်း ငါးနှစ်အတွင်း ဗိယက်နမ် ၊ လာအို ၊ ကမ္ဘောဒီးယား ၊ ထိုင်း ၊ ဂျပန် ၊ သြစတေးလျ ၊ ပြင်သစ် ၊ ကိုရီးယား ၊ တရုတ် ၊ မလေးရှား ၊ စင်္ကာပူ ၊ ဖိလစ်ပိုင် ၊ အင်ဒိုနီးရှား ၊ ဘရူနိုင်း ၊ လပ်ဗီးယား ၊ ပိုလန် နှင့် ဘယ်လာရုစ် အပါအဝင် နိုင်ငံတကာ လွှတ်တော် ၁၇ ခု နှင့် လွှတ်တော်ချစ်ကြည်ရေးအသင်းများ ဖွဲ့စည်ခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ နှုတ်ဖြင့်မေးမြန်းသည့် မေးခွန်းများအနက် ဥက္ကဌ က နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေသည် ဟုသတ်မှတ်သည့် မေးခွန်း နှင့် ဖြေကြားချက် ၂၅ ခုကို နိုင်ငံတော်ပြန်တမ်းတွင်ထည့်သွင်းဖော်ပြခဲ့သည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် သက်တမ်းအတွင်း လွှတ်တော်ကိုယ်စားလှယ်များက နှုတ်ဖြင့်မေးသည့်မေးခွန်း (၁၇၂၃) ခုနှင့် စာဖြင့်မေးသည့် ကြယ်ပွင့်မပြ မေးခွန်း (၂၇၆၁) စုစုပေါင်းမေးခွန်း ၄၄၈၄ ခုမေးမြန်းခဲ့သည်။

ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင်စတင်ခေါ်ယူခဲ့ခြင်းဖြစ်ဖြစ်ကာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required