အင်ဒိုနီးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥက္ကဋ္ဌကို အကျင့်ပျက်ခြစားမှုသံသယရှိသူအဖြစ် အမည်တပ်

အင်ဒိုနီးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥက္ကဋ္ဌကို အကျင့်ပျက်ခြစားမှုသံသယရှိသူအဖြစ် အမည်တပ်

အင်ဒိုနီးရှား၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်သူသည် အကျင့်ပျက်ခြစားမှု အမှုတခု၌ သံသယရှိသူအဖြစ် အမည်တပ်ခြင်းခံရကြောင်း ရဲတပ်ဖွဲ့အရ သိရသည်။ ယင်းသည် အာဏာရှင် ဆူဟာတို ပြုတ်ကျပြီးနောက် ဆယ်စုနှစ် နှစ်စုအကြာက ထူထောင်ခဲ့သည့် အေဂျင်စီတခု၏ နာမည်ဂုဏ်သတင်းအပေါ် ထိခိုက်စေသည့် ဆုတ်ဆိုင်းမှုတခုလည်း ဖြစ်သည်။

ထို့ပြင် ယင်းသည် အဆိုပါ ကျွန်းနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အကြီးအကဲဖြစ်သူ ပြစ်မှုကျူးလွန်မှုနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် စွပ်စွဲခံရခြင်းလည်း ဖြစ်သည်။

အင်ဒိုနီးရှားတွင် အဂတိလိုက်စားမှုများက ဆက်လက် ထူပြောနေပြီး အဆိုပါ ကျွန်းနိုင်ငံသည် Transparency International ၏ နောက်ဆုံးထုတ်ပြန်သည့် အကျင့်ပျက်ခြစားမှု အမြင် အညွှန်းကိန်းတွင် နိုင်ငံ ၁၈၀ အနက် အဆင့် ၁၁၀ တွင် ရပ်တည်နေသည်။

၂၀၂၀ မှ ၂၀၂၃ ခုနှစ်အထိ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဥပဒေဆိုင်ရာ ဆက်ဆံပတ်သက်မှုများတွင် တံစိုးလက်ဆောင်များ သို့မဟုတ် သဒ္ဒါကြေးများကို လက်ခံရယူ၊ ခြိမ်းခြောက်ငွေညှစ်သည် ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်ပြီး အင်ဒိုနီးရှား အကျင့်ပျက်ခြစားမှု အမြစ်ဖြတ်ရေး ကော်မရှင် (KPK) ဥက္ကဋ္ဌ ဖီရာလီ ဘာဟူရီကို သံသယရှိသူတဦးအဖြစ် ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၂ ရက်တွင် အမည်တပ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အကျင့်ပျက်ခြစားမှု အမှုတခုတွင် သံသယရှိသူအဖြစ် KPK ဥက္ကဋ္ဌ ရာထူး ယူထားသည့် ဘာဟူရီကို စစ်ဆေးမေးမြန်းသွားမည်” ဖြစ်ကြောင်း ဂျကာတာရဲတပ်ဖွဲ့၏ အထူးအမှုအခင်းများဆိုင်ရာ ညွှန်ကြားရေးမှူး အက်ဒီ ဆဖရီ ဆီမန်ဂျွန်တက်ခ်က နိုဝင်ဘာ ၂၂ ရက်တွင် သတင်းထောက်များကို ပြောသည်။
ပြီးခဲ့သည့်လက အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဟောင်း ဆယာဟရူလ် ယက်ဆင် လင်ပိုသည် အစိုးရရန်ပုံငွေများမှ ဒေါ်လာ ၈၀၀,၀၀၀ ကျော် အိတ်ကပ်ထဲထည့်မှု အပါအဝင် စွပ်စွဲချက်များ စွပ်စွဲခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ဘာဟူရီအပေါ် စွပ်စွဲမှုများက လင်ပို၏ အမှုနှင့် ဆက်စပ်နေသည်။၂၀၁၉ ခုနှစ်က KPK အကြီးအကဲ ဖြစ်လာသူဖြစ်သည့် တောင် ဆူမားတြားနှင့် အနောက် နူဆာ တန်ဂါရာ ပြည်နယ်များ၏ ရဲတပ်ဖွဲ့အကြီးအကဲဟောင်း ဘာဟူရီသည် လက်ရှိအချိန်အထိ ဖမ်းဆီးခံရခြင်း မရှိသေးသလို ၎င်းအား ထိန်းသိမ်းမည်လား ဆိုသည်ကို ရဲတပ်ဖွဲ့က ပြောဆိုခြင်း မရှိသေးပေ။

စုံစမ်းစစ်ဆေးမှု တစိတ်တဒေသအဖြစ် ရဲများသည် အဆောက်အအုံနှစ်ခုကို ရှာဖွေခဲ့သလို လူ ၉၀ ကျော်ကို စစ်ဆေးမေးမြန်းခဲ့ပြီး ၂၀၂၁ နှင့် ၂၀၂၃ အကြား စင်္ကာပူနှင့် အမေရိကန်ဒေါ်လာများဖြင့် နိုင်ငံခြားငွေလဲလှယ်မှု အထောက်အထားများအပါအဝင် သက်သေအထောက်အထားများကို သိမ်းဆည်းထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly