ပြင်ဦးလွင် အင်ဂျင်နီယာတပ်မှ ဒုအရာခံဗိုလ်ကို ဒေသခံတောင်သူ တရားစွဲ

ပြင်ဦးလွင် အင်ဂျင်နီယာတပ်မှ ဒုအရာခံဗိုလ်ကို ဒေသခံတောင်သူ တရားစွဲ
ဓာတ်ပုံ - အောင်ကိုဦး

မန္တလေး၊ ဇန်နဝါရီ ၂၆ ။             ။ မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့နယ် ရွာထောင်ရွာတွင် အမှတ် (၉၅၈) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ ဒုအရာခံဗိုလ် နေထွန်းအား တရားစွဲဆိုထားကြောင်း တောင်သူများက ဇန်နဝါရီလ ၂၅ ရက်၊နံနက် ၁၁ နာရီက ၆၂လမ်းမပေါ်ရှိJJ Cafe တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တောင်သူ ဦးပြေလှကပြောသည်။

အဆိုပါ ဒုအရာခံဗိုလ်အား ပြင်ဦးလွင် မြို့နယ်တရားရုံး ၊ ပြင်ဦးလွင်ခရိုင်တရားရုံးတို့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇ / ၄၄၇ တို့ဖြင့် တရားစွဲသော်လည်း အမှုအားပလပ် လိုက်သဖြင့် မန္တလေး တိုင်းဒေသကြီး တရားရုံးတွင် အယူခံတက်ရာ ပြစ်မှုအား ပြင်ဆင်သည့် အမှတ် ၆၅၉(ခ)/၁၅ ဖြင့် လက်ခံခဲ့ရာ ဖေဖော်ဝါရီ ၄ ရက်နေ့ တွင် နှစ်ဖက်လျှောက်လဲချက် ကြားနာမည်ဖြစ်သည်ဟု တရားစွဲဆို ထားသူ ဦးပြေလှကဆိုသည်။

``လုပ်စားလာတာ နှစ်ပေါင်း ၃၀ ကျော်နေပြီ စစ်အစိုးရ လက်ထက်မှာ ဘာမှပြဿနာမရှိပဲ ဒီမိုကရေစီ လက်ထက် ဦးသိန်းစိန်အစိုးရလက်ထက်မှာ မှ ကျွန်တော်တို့မြေပေါ်ကို အတင်းဝင်ပြီး စက်ကြီးတွေနဲ့ ဖျက်စီးပစ်တာ ။ ကျွန်တော် ကတော့ ကျွန်တော့် သားသမီး မြေးမြစ်တွေကို ပြန်ခွဲပေးချင်တယ် ။´´ ဟု တရားစွဲဆိုသူ ဦးပြေလှ က ပြောသည် ။

ယင်းမြေအား ဦးပြေလှအနေဖြင့် ၁၉၇၉ခုနှစ်ကတည်းက ဓားမဦးချခုတ်ထွင်ရှင်းလင်းလုပ်ကိုင်ခဲ့သည့် မြေဧက ၅ ဧက ကျော်အား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ က အမှတ် (၉၅၈) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ ဘားတိုက်ဆောက်လုပ်ရန် သိမ်းဆည်း ခဲ့သည် ။ ထိုသို့သိမ်းဆည်းမည်ဆိုသည့် အကြောင်းအား တရားဝင်စာဖြင့် အကြောင်းကြားခြင်းမပြုပဲ တရားဥပဒေမဲ့ သိမ်းဆည်းခြင်းဖြစ်ကြောင်း ဦးပြေလှ က ဆက်လက်ပြော ကြားသည် ။

မြေမသိမ်းခင်အချိန်က အမှတ် (၉၅၈) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ ဦးပြေလှ အား ခေါ်ယူ၍ မြို့နယ်စိုက်ပျိုးရေး က သတ်မှတ်သောသီးနှံများစိုက်ပျိုးရန် နှစ်ရှည်ပင်စိုက်ပျိုးခြင်းမပြုရန် အခိုင်အမာအဆောက်အဦး မဆောက်ရန် လက်လွှဲစိုက်ပျိုးခြင်းမပြုရန် စသည့် အချက်များပါဝင်သော စာချုပ်တွင် လက်မှတ်ထိုးပေးရန် ညှိနှိုင်းခဲ့သည် ။

``ကျွန်တော်တို့က သူတို့သတ်မှတ်တဲ့ စည်းကမ်းတွေနဲ့ လုပ်လိုက်ရင် သီးစားချခံထားရသလိုဖြစ်သွားမှာ ဒါ့ကြောင့် လက်မှတ်ထိုးမပေးခဲ့ဘူး ။ နောက်ပြီး သူတို့တွေ ဖျက်စီးခဲ့လို့ စိုက်ပျိုးထားတဲ့ ငှက်ပျောပင်တွေပျက်တယ် ။ မြေတွေလည်း စက်ကြီးတွေနဲ့ ထိုးသွားတယ် ။ ကျွန်တော့် အဘရဲ့မြေဟာ မြေစာရင်းမှာ နာမည်ပေါက်ပြီးဖြစ်တယ် ။´´ ဟု ဦးပြေလှ ၏ မြေးဖြစ်သူ ကိုတင်ကိုကိုဦး က ပြောသည် ။

ထို့အပြင် ဇန်နဝါရီလ ၂၄ ရက်နေ့ ကလည်း တပ်မတော် ယာဉ် ၄ စီးဖြင့် သေနတ်များ ကိုင်ဆောင်ထားသော တပ်သား ၃၀ ခန့် ဖြင့် ခြံအတွင်း စိုက်ထူထားသည့် ဆိုင်းဘုတ်များအားဖျက်စီးခဲ့သည်ဟုလည်း ကိုတင်ကိုကိုကဆိုသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသူ  ဒုအရာခံဗိုလ်နေထွန်းအား ဆက်သွယ်မေးမြန်း ရာပြန်ဖြေကြားခြင်းမရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required