ဥပဒေပညာရှင်တွေ နိုင်ငံမှာ လိုအပ်နေတယ်လို့ ဒေါ်စုပြော

ဥပဒေပညာရှင်တွေ နိုင်ငံမှာ လိုအပ်နေတယ်လို့ ဒေါ်စုပြော
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ

နေပြည်တော်(ဇန်နဝါရီ ၁၉)။ ။ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးအတွက် အရည်အချင်းပြည့်စုံသည့် ဥပဒေပညာရှင်များ လိုအပ်နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

"တရားဥပဒေစိုးမိုးရေးအတွက် ဆိုလို့ရှိရင် ကျွန်မတို့ဟာ တောင့်တင်းခိုင်မာတဲ့၊ ဥပဒေနဲ့ပတ်သက်တဲ့ အဆောက်အဦတွေ လိုပါတယ်။ ဒီလို ဥပဒေနဲ့ပတ်သက်တဲ့ အဆောက်အဦတွေဆိုတာဟာ ကျွန်မတို့ လွှတ်တော်တစ်ခုနဲ့တင်လည်း မပြီးပါဘူး။ တရားစီရင်ရေး၊ တရားရုံးတွေနဲ့လည်း မပြီးပါဘူး။ အင်မတန်မှ မှန်မှန်ကန်ကန်၊ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ရည်ကိုင်ရည် ပြည့်စုံတဲ့ ဥပဒေပညာရှင်များ လိုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၆ခုနှစ်၊ ဇန်နဝါရီ ၁၉ရက် ညနေပိုင်းက နေပြည်တော်ရှိ Kempinski ဟိုတယ်တွင်ပြုလုပ်သော မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း(ILAM)တရားဝင်ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နိုင်ငံအဝှမ်းရှိ ရှေ့နေဦးရေ တစ်ရာကျော်တက်ရောက်သော အခမ်းအနားတွင် ဥပဒေပညာရှင်များ ထွက်ပေါ်လာရေးသည် ပညာရေးစနစ်နှင့်လည်း တိုက်ရိုက်သက်ဆိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုခဲ့သေးသည်။

"မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ဥပဒေပညာကို အလေးမထားခဲ့တာ၊ တန်ဖိုးမထားခဲ့တာ တော်တော်ကြာပါပြီ။ ဥပဒေကျောင်းသားတွေ၊ ဥပဒေပညာသင်နေတဲ့ကျောင်းသားတွေ ဆိုလို့ရှိရင် လူတွေက အထင်မကြီးကြပါဘူး။ ဒါဟာ တစ်ချိန်တစ်ခါတုန်းက ကျွန်မတို့လွတ်လပ်ရေးရစဉ်အခါတုန်းက မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ အများကြီးကွာခြားသွားတာ ဖြစ်ပါတယ်" ဟု သူမက ဆိုသည်။

မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း(ILAM)ကို ယမန်နှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အသင်း၏ အစည်းအဝေးကို ဇန်နဝါရီ ၂၀မှ ၂၂ရက်နေ့ထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် အသင်း၏ ဖွဲ့စည်းပုံများ၊ လုပ်ငန်းတာဝန်များကို အတည်ပြုဆုံးဖြတ်ကြမည်ဖြစ်သည်။

အသင်းကို နိုင်ငံတစ်ကာရှိ ရှေ့နေကြီးများအသင်း၏ အကူအညီရယူကာ ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု ပျဉ်းမနားမြို့နယ်မှ ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောသည်။

အဆိုပါ အသင်းပေါ်လာခြင်းသည် ကောင်းမွန်သည့် လက္ခဏာဟု မှတ်ချက်ပြုကာ "တာဝန်ကိုတော့ ရဲရဲဝံ့ဝံ့နဲ့၊ ညီညီညွတ်ညွတ်နဲ့ ထမ်းဆောင်စေချင်ပါတယ်။ ကျွန်မတို့အားလုံး ညီညီညွတ်ညွတ်နဲ့လုပ်မှ အောင်မြင်နိုင်မှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် ထည့်သွင်းပြောဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required