မီဇိုရမ်ဘက် ဝင်ရောက်ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၃၀ ကို အိန္ဒိယက မြန်မာဘက် ပြန်လွှဲ

မီဇိုရမ်ဘက် ဝင်ရောက်ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၃၀ ကို အိန္ဒိယက မြန်မာဘက် ပြန်လွှဲ

မြန်မာနိုင်ငံဘက်ခြမ်းရှိ တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ထွက်ပြေးခိုလှုံလာသည့် စစ်ကောင်စီတပ်သား ၃၀ ကို အိန္ဒိယအာဏာပိုင်တို့က မီဇိုရမ်မှ မဏိပူရ်၏ မိုရေးမြို့သို့ လေကြောင်းဖြင့် ပို့ဆောင်ပြီး မြန်မာဘက် ပြန်လွှဲလိုက်ကြောင်း သိရသည်။

အိန္ဒိယလေတပ် (IAF) က မီဇိုရမ်မှ မဏိပူရ်၏ မိုရေးသို့ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရသည့် မြန်မာစစ်ကောင်စီတပ်သားဦးရေသည် ယခုအခါ ၁၀၄ ဦးအထိ ရှိလာကြောင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန အကြီးတန်းအရာရှိတဦးက ပြောသည်။

“မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်လာတဲ့ မြန်မာစစ်ကောင်စီတပ်သား နောက်ထပ် အယောက် ၃၀ ကို မဏိပူရ်ရဲ့ မိုရေးဆီ လေကြောင်းနဲ့ ပို့ပေးခဲ့ပြီး အဲဒီကနေတဆင့် နိုဝင်ဘာ ၂၉ ရက်မှာ နှစ်နိုင်ငံနယ်စပ်တလျောက်က မြန်မာတာဝန်ရှိသူတွေဆီ ပြန်လွှဲပြောင်းပေးခဲ့တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်အထိ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ခဲ့သည့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၄ ဦးကို ၎င်းတို့၏ မူလနိုင်ငံသို့ ပြန်ပို့ပေးထားကြောင်း မီဇိုရမ်ပြည်ထဲရေးဌာန တွဲဖက်အတွင်းရေးမှူး လယ်သီအမ်ဆန်ဂါ ဆယ်လိုက ပြောသည်။

“မနေ့က မြန်မာစစ်ကောင်စီတပ်သား ၃၀ ကို အသုတ်နှစ်သုတ်ခွဲပြီး မီဇိုရမ်ရဲ့ ဆီယာဟာခရိုင်ကနေ လေကြောင်းနဲ့ ပို့ပေးခဲ့တယ်။ သူတို့ကို မိုရေးမြို့ကို ပို့ပေးခဲ့ပြီး အဲဒီကနေ မြန်မာဘက် ပြန်လွှဲပေးလိုက်တယ်” ဟု လယ်သီအန်ဆန်ဂါက ပြောသည်။

မြန်မာနိုင်ငံ ချင်းပြည်နယ်၏ နယ်စပ်ဒေသများတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား များမကြာမီက တိုက်ပွဲများ ဖြစ်ပြီးနောက် မီဇိုရမ်ဘက်၌ အခြေအနေသည် တင်းမာနေဆဲဖြစ်သည်။ နယ်စပ်ဧရိယာများတလျောက် မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်အဖွဲ့တို့က လုံခြုံရေးအတွက် ဖြန့်ကျက်လုပ်ဆောင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required