ဘုတလင်မြို့ပေါ် ၂နေရာမှ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု ၂ဦးသေဆုံးဟုဆို

By ပါခွီး(မဇ္စျိမ)
30 November 2023
ဘုတလင်မြို့ပေါ် ၂နေရာမှ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု ၂ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့ရဲစခန်းနှင့် CB ဘဏ်၌ တပ်စွဲထားသည့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိသွားကြောင်း Chindwin Brothers ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အထက်ပါ နှစ်နေရာကို ဒရုန်းအသုံးပြု၍  Shar Htoo Waw နည်းပညာဖြင့် နိုဝင်ဘာလ ၂၉ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Chindwin Brothers တာဝန်ရှိသူက" မြေပြင်ကသတင်းပို့ပေးတဲ့အပေါ်မှာ စစ်ဆေးအတည်ပြုထားတာပါ” ဟု  မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Brother (DGF တပ်ခွဲ)နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကနီ B21၊ တပင်ရွှေထီး၊ အုပ်ကြီးနှင့်အဖွဲ့ ၊ နင်ဂျာတပ်ဖွဲ့နှင့် မုံရွာခရိုင်တပ်ရင်း(၁၄) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဟုသိရသည်။

ထို့အပြင် ဒေသတွင်း၌ စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်မှုအရှိန်မြှင့်ရန်နှင့် တော်လှန်ရေးအင်အားစုများ စုစည်းအားပိုမိုကောင်းမွန်စေရေးအတွက် ကာကွယ်ရေးတပ်ဖွဲ့ ၁၇ဖွဲ့မှ သင်တန်းသား ၄၂ဦးကို Chindwin Brothers က Shar Htoo Waw နည်းပညာသင်တန်း မကြာသေးမီက ပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။

Shar Htoo Waw နည်းပညာဆိုသည်မှာ မောင်းသူမဲ့ လေယာဥ်ငယ်ပေါ်တွင် ဗုံးသီး ချိတ်ဆွဲ၍ မြေပြင်မှ ထိန်းကျောင်းမောင်းနှင်ကာ ဗုံးချတိုက်ခိုက်ခြင်းဖြစ်သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required