တောင်သာမြို့ ပျူအဖွဲ့အားပစ်ခတ်ခဲ့ရာ သေဆုံးမှုရှိ လက်နက် ၅ လက် သိမ်းဆည်းရမိ

By ဓါတု(မဇ္ဈိမ)
30 November 2023
တောင်သာမြို့ ပျူအဖွဲ့အားပစ်ခတ်ခဲ့ရာ သေဆုံးမှုရှိ လက်နက် ၅ လက် သိမ်းဆည်းရမိ
ဓါတ်ပုံ- တမိုက်သာကျေးရွာမှ ပျူစောထီးအဖွဲ့ထံသိမ်းဆည်းရရှိသည်လက်နက်များ။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာတွင် ပျူစောထီးအဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီးအဖွဲ့ဝင် တဦးသေဆုံး၍ လက်နက် ငါးလက် သိမ်းဆည်းရမိကြောင်း မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)ထံက သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်  နေ့လယ် ၁၂နာရီ အချိန်ဝန်းကျင်၌ ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရွာထိပ်ကင်းစောင့်နေသည့် ပျူလေးဦးအား ပစ်ခတ်ခဲ့ရာ တန်ပြန်ပစ်ခတ်ခဲ့သဖြင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

" သူတို့ဘက်က ၁၁ ယောက်၊ ကျွန်တော်တို့ဘက်က ရှစ်ယောက် နှစ်ကြောင်းခွဲပြီး ရွာထိပ်ကပျူအဖွဲ့ ကင်းစောင့်တဲ့ လေးယောက်နဲ့ ကျွန်တော်တို့အဖွဲ့က  လေးယောက် ထိတွေ့ ဆိုင်တယ်။ အပြန်အလှန်ပစ်ခတ်ပြီး အိမ်ရောက်တဲ့အထိပစ်တာ ကျည်လေးရာကျော်ကုန်တယ်။  လေးယောက်ကတော့ထွက်ပြေးသွားတယ်။ အိမ်ထဲပစ်တော့ ဖိုးအေးကထွက်ပြေးသွားတယ် သူ့တူကတော့သေသွားတယ်။ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်၊ သူတို့ဆီက စစ်ကောင်စီကချပေးထားတဲ့ သေနတ် ငါးလက် လက်ဝယ်တွေ့တယ်"ဟု မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)မှတာဝန်ခံက မဇ္စျိမကိုဖြေကြားသည်။

ထိုသိုပစ်ခတ်​ပြီးနောက် အဆိုပါကင်းအဖွဲ့မှာ ထွက်ပြေးသွား၍ ပျူခေါင်းဆောင်ဖိုး‌အေးအိမ်သို့ ဆက်ပြီး ဝင်ရောက်ပစ်ခတ်ရာ ဖိုးအေးမှာထွက်ပြေးသွား၍ ၎င်း၏ဇနီးဖြစ်သူမှာ ဒဏ်ရာရရှိပြီး တူတော်စပ်သူ ပျူအဖွဲ့ဝင် နေဗလအောင်သေဆုံးသွားခဲ့သည်။ ထို့နောက်ယင်းနေအိမ်မှ ကာဘိုင် သုံးလက်၊ ပါရီ တလက် ၊ ကိုးလုံး တလက် ရရှိခဲ့ကြောင်းသိရသည်။

ယင်းထိတွေ့မှုဖြစ်ပြီးချိန် အထိုင်ချတပ်စွဲထားသော သံမဏိစက်ရုံနှင့်ကျောဇီရွာရဲစခန်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ လက်ဦးမှုရယူနိုင်ခဲ့သဖြင့် စစ်ကောင်စီများနှင့် ထိပ်တိုက်မတွေ့ခဲ့ကြောင်း ၎င်းကဆိုသည်။

ထို အပြန်အလှန်ပစ်ခတ်မှုတွင် မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)မှ ပစ်ခတ်ခဲ့၍ မြေပြင်ကင်းထောက်လုပ်ငန်းစဥ်များကို တောင်သာမြို့နယ် (ပကဖ)၊ BGF (မြင်းခြံ)၊မလှိုင်မြို့နယ် (ပကဖ)တို့မှ ပူးပေါင်းပါဝင်ကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။

ပျူခေါင်းဆောင်ဖိုးအေးနှင့်အဖွဲ့သည် စစ်ကောင်စီမှပေးထားသည့်လက်နက်များကိုင်ဆောင်ကာ တောင်သာမြို့တမိုက်သာကျေးရွာရှိ ပြည်သူများအား နိုင်ထက်စီးနင်းဆက်ဆံခြင်း၊ ညှဥ်းဆဲနှိပ်စက်မှုများပြုလုပ်နေကြောင်း ရွာခံများ၏အဆိုအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly