“ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စပြီ။ ဘာတွေ သင်ယူကြမလဲ”

“ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စပြီ။ ဘာတွေ သင်ယူကြမလဲ”

အရပ်ဘက် အဖွဲ့အစည်း (၁၀၀) ကျော် ကန့်ကွက်နေတဲ့ကြားက၊ အပစ်ရပ် စာချုပ် NCA လက်မှတ် ထိုးမထားတဲ့ အဖွဲ့တွေ မတက်ဘူးလို့ ငြင်းဆိုထားတဲ့ကြားက သမ္မတ ဦးသိန်းစိန် အစိုးရက ဦးစီးကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကို နေပြည်တော်မှာ ကျင်းပနေပါပြီ။ အားလုံး ပါဝင်ခြင်း မရှိတဲ့ ညီလာခံ တစ်ခုမို့ ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက်ဘာမှ အကျိုးမရှိတော့ ဘူးလား၊ ဒီညီလာခံ ကျင်းပမှုကနေ ဘာတွေ သင်ယူနိုင်ကြမလဲဆိုတာ ဆွေးနွေးကြည့်ရအောင်ပါ။

လက်ရှိ ညီလာခံကြီး ကျင်းပတဲ့ဆီမှာ အဖွဲ့ပေါင်းစုံကို ကိုယ်စားပြုသူတွေ စုံစုံညီညီ မတက် ရောက်နိုင်တာဟာ NCA စာချုပ်မှာ လက်နက်ကိုင် အဖွဲ့ပေါင်းစုံ စုံစုံညီညီ လက်မှတ် မထိုးနိုင်တာ ကနေ အစပြုပါတယ်။ တကယ်တော့ အဲဒီ NCA စာချုပ်ဆိုတာဟာ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်း သား အဖွဲ့အားလုံး ပါဝင်ဖို့အတွက် ရည်ရွယ် ရေးဆွဲ၊ သဘောတူညီခဲ့ကြတာမျိုးပါ။ တကယ့်လက်တွေ့ NCA ကို လက်မှတ်ထိုးဖို့ ဖြစ်လာတဲ့အခါ တပ်မတော်နဲ့ ကေအိုင်အို ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ညှိမရ နှိုင်းမရ ဖြစ်ခဲ့ပြီးနောက် အားလုံးသိကြတဲ့အတိုင်း လက်နက်ကိုင် တိုင်းရင်းသား (၈)ဖွဲ့နဲ့ပဲ လက်မှတ်ရေးထိုးဖို့ အခြေအနေ ဆိုက်သွားတာပါ။

ဒါပေမယ့်လည်း NCA စာချုပ်ကို လက်မှတ်ထိုးလိုက်ပြီ ဆိုတာနဲ့ စာချုပ်ပါ အချက်တွေကို အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်တွေက ရှိလာပြန်တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မူဘောင်ရေးဆွဲတာတွေ၊ လက်နက်ကိုင် တပ်ဖွဲ့ တွေအကြား နှစ်ဖက် စောင့်ကြည့် အဖွဲ့တွေ ဖွဲ့စည်းတာတွေနဲ့ အခုလက်ရှိ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပရေး ဆိုတာတွေ ပါဝင်လာတာ ဖြစ်ပါတယ်။
ဒီညီလာခံနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ သဘောထားကတော့ ရှင်းပါ တယ်။ သူတို့အနေနဲ့ သူတို့ လက်ထက်မှာ သမိုင်းဝင် NCA အပစ်ရပ် စာချုပ်တစ်ခုရဖို့ ကြိုးစားအား ထုတ်ခဲ့တယ်၊ အဲဒီစာချုပ်ပါ အချက်တွေနဲ့ လျော်ညီစွာ လွှတ်တော်က အတည်ပြုပေးခဲ့တယ်၊ စာချုပ် ပါအတိုင်း နှစ်ဖက် အပစ်ရပ် စောင့်ကြည့်ရေး အဖွဲ့တွေ ဖွဲ့စည်းပေးခဲ့တယ်၊ အခုနောက်ဆုံး အနေနဲ့ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ရမယ်ဆိုတဲ့ အချက်အတိုင်း ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပပေးခဲ့တယ်၊ သူတို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုကို အခြေခံ အုတ်မြစ်ချပေးခဲ့တယ် ဆိုတဲ့ သဘောနဲ့ လုပ်ကိုင်နေတာပါပဲ။ ဒါ့အပြင် တစ်ဆက်တည်း ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကိုပါ နောင် တက်လာမယ့် အင်န်အယ်လ်ဒီ အစိုးရ လက်ဆင့် ကမ်း လုပ်နိုင်ကိုင်နိုင်အောင် လက်ပြောင်းပေးဖို့ ကိစ္စတွေကိုလည်း လုပ်ခဲ့၊ လုပ်နေပါပြီ။

အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကလည်း အလားတူပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် NCA လက်မှတ်ထိုးပြီးနောက် အစိုးရက ကြီးမှူးကျင်းပတဲ့ မူဘောင်ရေးဆွဲ ရေးဆိုင်ရာ ကိစ္စ၊ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပပုံ ကျင်းပနည်း စတာတွေကို အင်န်အယ်လ်ဒီ ဘက်က လက်မခံ၊ မကြိုက်ပါဘူး။ အထူးသဖြင့် အရေးကြီးတဲ့ မူဘောင်ရေးဆွဲရေး ကော်မတီ ဖွဲ့စည်းရာမှာ နိုင်ငံရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ် ထည့်သွင်းရေးကိစ္စ အဓိက သဘောကွဲလွဲတာ ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ ဘက်က နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ် ရွေးချယ်ရေး ကိစ္စ ရွေးကောက်ပွဲ ရလာဒ်ကို အခြေခံ ထည့်သွင်းချင်ပေမယ့် အစိုးရဘက်ကတော့ မှတ်ပုံတင်ထားပြီး နိုင်ငံရေးပါတီ အားလုံးထဲကနေ ရွေးချယ် ထည့်သွင်းခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွေကို သူတို့ သဘောမတူတာ ရှိတဲ့တိုင် ကန့်လန့်မ တိုက်၊ သပိတ်မမှောက်ခဲ့ပါဘူး။ အဆင်ပြေအောင် လိုက်ပါဆောင်ရွက်ပေးခဲ့ပြီး နောင် သူတို့ အစိုးရ တက်လာမှ လက်ရှိအစိုးရ လုပ်ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပြန်ပြီး သုံးသပ်တာ၊ ပြုပြင် တာ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်နေတာ တွေ့ကြရပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင် အကောင်အထည် ဖော်ခဲ့တဲ့ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုတယ်၊ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ တက်လာရင် ဒါကို လက်ဆင့်ကမ်း ဆက်ပြီး ဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောပါပဲ။ ဒီလိုနဲ့ အခု ပြည်ထောင်စု ငြိမ်းချမ်း ရေး ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အဖွင့်မိန့်ခွန်း ပြောကြားပေးဖို့ ဖြစ်လာတာပါ။

ဒါတွေကိုကြည့်ရင် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီဟာ ငြိမ်းချမ်းရေး ကိစ္စတွေမှာ တစ်ဖက်နဲ့တစ်ဖက် သဘောထားချင်း မတိုက်ဆိုင်တာ တွေ ရှိနေတဲ့တိုင်၊ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်နေကြတာ တွေ့ရပါတယ်။ တကယ်တော့ မြန်မာ နိုင်ငံမှာ တစ်တိုင်းပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲနိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို အစပြု တည်ဆောက်နိုင်ရေးဆိုတာ လွယ်ကူတာမျိုးတော့ မဟုတ်ပါဘူး။ အများကြီး ကြိုးစားအားထုတ်ကြဖို့ လိုပါတယ်။ ခက်ခက်ခဲခဲ တည်ဆောက်မှလည်း ရနိုင်မှာပါ။ ဒီအတွက် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုတွေ ရဖို့ဆိုတာ မြို့ပေါ်က နိုင်ငံရေး အင်အားစုတွေအကြားမှာလည်း နားလည်မှုတွေ ရှိကြဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး အတွက်ဖြစ်စေ၊ အခြားသော ကိစ္စရပ်များမှာ ဖြစ်စေ လက်ရှိ အစိုးရနဲ့ နောင်တက်လာမယ့် အစိုးရအကြား နားလည်မှုထားပြီး ပူးပေါင်းဆောင် ရွက်ခြင်း အစဉ်အလာမျိုးကသာ ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အကျိုးရှိစေမှာ ဖြစ်ပါ ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags