ဘွဲ့ရများ နိုင်ငံကူးလက်မှတ် လျှောက်လျှင် ဝန်ထမ်းမဟုတ်ကြောင်း ထောက်ခံစာလုပ်ရပြီး ကျပ် ၅,၀၀၀ ပေးရ 

ဘွဲ့ရများ နိုင်ငံကူးလက်မှတ် လျှောက်လျှင် ဝန်ထမ်းမဟုတ်ကြောင်း ထောက်ခံစာလုပ်ရပြီး ကျပ် ၅,၀၀၀ ပေးရ 

ဇန်နဝါရီလ ၁၈ ရက်

ဘွဲ့ရပြီးသူများ နိုင်ငံကူးလက်မှတ် လျှောက်လျှင် ဝန်ထမ်း မလုပ်ကိုင်ကြောင်း ထောက်ခံစာ ယူရပြီး ငွေကျပ် ၅,၀၀၀ ထပ်မံ ပေးရသည်ဟု သွားရောက် လျှောက်ထားသူများ ထံက သိရသည်။ 

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရှိ  ရဲဝန်ထမ်းများက စာရွက် စာတမ်းများကို စစ်ကာ ဘွဲ့ရပြီးသူ ဖြစ်နေပါက ဝန်ထမ်းဟုတ်၊ မဟုတ် မေးမြန်း၍ ဝန်ထမ်း မဟုတ်ပါက အဆိုပါရုံး၏ ပုံစံ ထုတ်ယူရန် ဆိုသည့်နေရာတွင် ဝန်ထမ်း မဟုတ်ကြောင်း ထောက်ခံစာ ထပ်မံ သွားယူရသည်ဟု သိရသည်။ 

“အဲ့ဒီဓာတ်ပုံ ရိုက်တဲ့နေရာမှာ စာရွက်စာတမ်းတွေကို စစ်တယ်။  ဘွဲ့ရဖြစ်နေရင် ဘာလို့ ဝန်ထမ်း မလုပ်တာလဲ။ သေချာလား ဆိုပြီး ဘေးအခန်းမှာ ဝန်ထမ်းမဟုတ်ကြောင်း ထောက်ခံစာ ထပ်သွား ယူရတယ်။ ထောက်ခံစာ ထုတ်ပေးတဲ့သူကို  ၅,၀၀၀ ထပ်ပေးရတယ် ”ဟု နိုင်ငံကူးလက်မှတ် သွားရောက် လျှောက်ထားခဲ့သူ တစ်ဦးက ပြောသည်။ 

ယခုကဲ့သို့ ဝန်ထမ်းမဟုတ်ကြောင်း ထောက်ခံစာ ယူရသည်မှာ ၎င်းတို့၏ ထပ်မံ ပြောင်းလဲ လိုက်သည့် မူဝါဒ အသစ်တစ်ခု ဖြစ်ကြောင်း နိုင်ငံကူး လက်မှတ်ဆောင်ရွက်ပေးသည့် အကျိုးဆောင် တစ်ဦးက ပြောသည်။ 

“ဝန်ထမ်း မဟုတ်ကြောင်း ထောက်ခံစာ ယူရတာက အခုမှ ထဖြစ်တဲ့ ကိစ္စပေါ့။ ကိုယ်က မလည်ရင် ကြောက်နေရင်တော့ ခံရမှာပဲ။ တချို့တွေဆိုရင် ဘွဲ့ရ မဟုတ်ရင်တောင် ဝန်ထမ်း လုပ်လား စီဒီအမ်လား ဆိုပြီး ဟိန်းဟောက် မေးတာတွေရှိတယ်”ဟု ၎င်းက ပြောပြသည်။ 

အဆိုပါ နိုင်ငံကူးလက်မှတ်ရုံးတွင် နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူ နေ့စဉ် ထောင်နှင့်ချီ ရှိနေသည်။ ပတ်စပို့စ် စလစ် စာရွက် ထုတ်ပေးရသည့် အခန်းများတွင် ရဲဝန်ထမ်း နှစ်ဦးစီ ရှိကာ ယင်းရဲဝန်ထမ်း နှစ်ဦး၏ ဓာတ်ပုံရိုက်သည့်နေရာမှ ရရှိသည့် အသားတင် ဝင်ငွေသည် တစ်လလျှင် ကျပ်သိန်း ၁၀၀ ခန့်ရှိသည်။ 

တချို့ ရဲဝန်ထမ်းများသည် စာအုပ်ထုတ်ပေးခြင်း၊ နေရာ ဦးပေးခြင်းနှင့် ရုံးအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ရန် လုပ်ဆောင်ပေးခြင်းတို့ အတွက် မုန့်ဖိုး ၅၀၀၀ ကျပ်၊ ၁၀,၀၀၀ ကျပ် စသဖြင့်  တောင်းကြပြီး ၎င်းတို့၏ ဝင်ငွေသည်လည်း တစ်လလျှင် ကျပ်သိန်းဆယ်ချီ ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly