နာယကဂုဏ်ဖြင့် ညီစေချင်

နာယကဂုဏ်ဖြင့် ညီစေချင်

ယခုရက်ပိုင်းအတွင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် သတင်းထောက်များ၏ မေးခွန်းကို ဒေါသစွက်သော လေသံဖြင့် ပြန်လည် ဖြေကြားပြောဆိုခဲ့သူ အမျိုးသားဒီမိုကရေစီ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ၏ သတင်းကို ဝေဖန်ထင်မြင်ချက်ပေးသည့် သတင်းများကို ဖတ်ကြရပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းတော့မည့် အစိုးရအဖွဲ့တွင် မည်သူတို့ပါရှိနိုင် သည် သမ္မတကို မည်သူအား ရွေးချယ်ထားသည်ဆိုသည်ကို သိချင်သောကြောင့် မေးသည့်မေးခွန်း အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်က တင်းမာသည့်လေသံဖြင့် ဖြေကြားသွားခြင်းကြောင့် အခုလို ဝေဖန်နေကြခြင်း ဖြစ်သည်။

သတင်းမီဒီယာသမားများမှာ ပြည်သူတို့ကို ကိုယ်စားပြုသူများ ဖြစ်သည်။ ပြည်သူတို့ သိချင် သိထိုက်သည်များကို သိရှိသိထိုက်အောင် ကြားခံဆောင်ရွက်ပေးရသူများ ဖြစ်သည်။ ပြည်သူတို့နှင့် တိုက်ရိုက် ဆက်စပ်နေသော သူများဖြစ်သည်။ ထို့ကြောင့် အဖွဲ့ချုပ် ခေါင်းဆောင်လုပ်သူသည် ယင်းအ ချက်ကိုမေ့ကာ သာမာအရပ်သားတစ်ဦး အပြုအမူ အပြောအဆိုမျိုးဖြင့် တုန့်ပြန်ဖြေကြားခဲ့ခြင်း ဖြစ်သည့်အတွက် သည်လို မဖြစ်သင့်ပါဟူ၍ ဝေဖန်သူများ ရှိလာရပါသည်။

တချို့ကလည်း သတင်းထောက်က အထပ်ထပ်အခါခါ ဖြေထားပြီးအဖြေကို ယခုလို ထပ်ကာ တလဲလဲ မေးခြင်းကြောင့် အဖွဲ့ချုပ် တာဝန်ရှိသူက စိတ်မထိန်းနိုင်သဖြင့် ယခုလို ပြင်းထန်သည့် လေသံဖြင့် ဖြေကြားခဲ့ခြင်း ဖြစ်သည့်အတွက် မေးခွန်းမေးသူမှာသာ တာဝန်ရှိသည်ဟု ဝေဖန်သည်များ လည်း ရှိပါသည်။

တချို့ကမူ နှစ်ပေါင်းများစွာ ပြည်သူတို့အား မောက်မာစွာ ဆက်ဆံလာခဲ့ကြသည့် အာဏာရှင် အစိုးရ တာဝန်ရှိသူများနှင့် နှိုင်းယှဉ်ကာ ဒီမိုကရေစီ အဖွဲ့အစည်းတစ်ခု တာဝန်ရှိသူ တစ်ဦးအနေနှင့် အာဏာရှင် အကျင့်စရိုက်လေသံမျိုး ပြုလုပ်ခဲ့သည်မှာ မသင့်တော်ဟူ၍ ဝေဖန်ပါသည်။ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတစ်ခုပေါ်တွင်မူ ဘယ်သူတွေပဲတက်တက် ငါတို့ပဲ အဆဲခံနေရပါသည် ဟူ၍ပင် ရေးတင်လိုက်သည်ကို တွေ့ရပါသည်။

လူတွေပြောလည်း ပြောချင်စရာ ဖြစ်ပါသည်။ မကြာတော့သော ကာလအတွင်းတုန်းကမှ ပြည်သူတွေရဲ့ မဲဆန္ဒနှင့် ဖြုတ်ချခြင်းခံရတော့မည့် ယခင်အစိုးရ တာဝန်ရှိသူတချို့ရဲ့ လက်လွတ်စ ပယ် ပြောစကား၊ ရင့်သီးမောက်မာသော ပြောစကားများကြောင့် ပြည်သူတွေ မခံမရပ်နိုင် တုန့်ပြန် ချေပခဲ့ကြသည်များက အရှိန်သေသည် မရှိသည့် အချိန်ကလေးအတွင်းမှာပင် အာဏာလွှဲပြောင်း ရယူတော့မည့် ရွေးကောက်ပွဲအနိုင်ရ ပါတီကြီး၏ တာဝန်ရှိသူတစ်ဦးရဲ့ ယခုလို ဒေါသစွက်သော အဖြေစကားက အာဏာရှင် စရိုက်လက္ခဏာ  ပြန်လည် ခေါင်းထောင်ထလာဦးမည်လောဟု သံသ ယစိတ်ဖြင့် ဝေဖန်တုန့်ပြန်ကြသည်မှာ မဆန်းကြယ်လှဟု ဆိုရပါမည်။

ယခုလို ပြည်သူတို့က မျှော်လင့် တကြီးဖြင့် မိမိတို့အပေါ် မေတ္တာထား စေတနာထားပြီး ယဉ်ကျေးညင်သာသည့် အစိုးရ တာဝန်ရှိသူ များခေတ်ကို စောင့်မျှော်နေကြချိန် ယခုလို ဒေါသစွက်ပြီး တင်းမာသည့် အပြုအမူ အပြောအဆိုများ အတွက် စိတ်ပျက်ကြရသည်မှာလည်း အပြစ်မဆိုသာပါချေ။

မြန်မာတို့၏ ယဉ်ကျေးမှုရေးရာ ဆောင်ပုဒ်များထဲတွင် အကြီးအမှူးများ ထားရှိအပ်သည့် အကျင့်သီလ ခြောက်ပါး ရှိပါသည်။ ထကြွ နိုးကြား သနား သီးခံ ဝေဖန် ထောက်ရှု ဤခြောက်ခု ဖြစ်ပါသည်။ အကြီးအကဲတစ်ဦးဖြစ်သည့် မိမိတို့ နိုင်ငံခေါင်းဆောင်များ၊ အဖွဲ့အစည်းခေါင်ဆောင်များ အနေဖြင့် သတင်းမီဒီယာ သမားများတွင်မှရယ်လို့မဟုတ် မည်သူနှင့်ပင် ဆက်ဆံရသည်ဖြစ်ပစေ သီးခံခြင်း၊ သနားကျင်နာခြင်း ဟူသည့် နာယကဂုဏ်များနှင့်အညီ ဆက်ဆံကြရန် သင့်အပ်ကြောင်း တင်ပြလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required