အိန္ဒိယ၏ ဂျီဒီပီ တိုးတက်မှုနှုန်း ၉ ရာခိုင်နှုန်းကျော်ရှိကြောင်း အရန်ငွေကြေးဘဏ် ထပ်မံအတည်ပြု

အိန္ဒိယ၏ ဂျီဒီပီ တိုးတက်မှုနှုန်း ၉ ရာခိုင်နှုန်းကျော်ရှိကြောင်း အရန်ငွေကြေးဘဏ် ထပ်မံအတည်ပြု

အိန္ဒိယနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုသည် ယခု ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၅ ရာခိုင်နှုန်းရှိနို်ငကြောင်း ဆက်လက်ခန့်မှန်း ထားသော်လည်း စီးပွားရေးပြန်လည် ကောင်းမွန်မှုတွင် လုံလောက်စွာ အားမကောင်းသေးကြောင်း နိုင်ငံတော်အရန်ငွေကြေးဘဏ် (RBI ) က နိုဝင်ဘာ ၈ ရက်တွင် သတိပေးထားသည်။

ငွေကြေးမူဝါဒကော်မတီ၏ ၃ ရက်ကြာအစည်းအဝေးအပြီး မိန့်ခွန်းတွင် RBI ဥက္ကဌရှက်ခ်တီကန်တာ ဒက်စ်က ခံနိုင်ရည်ရှိသော၊ အားကောင်းသော၊ အလုံးစုံ ပြန်လည်ကောင်းမွန်နိုင်သော စီမံခန့်ခွဲမှုသည် ဗဟိုဘဏ်၏ တာဝန်ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ ဇွဲရှိရှိ၊ သည်းခံပြီး၊ အလုပ်တွေကို နောက်မဆုတ်ဘဲ ဆက်လုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပကတိအခြေအနေမှန်အသစ်တွေကိုလည်း သတိရှိနေဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်နဲံ ၉ လအတွင်းက ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေက ကျွန်တော်တို့ကို ယုံကြည်မှုတွေ ရရှိစေပြီး ဆက်လက်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အစပျိုးနိုင်ခြင်းပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဘဏ်ဥက္ကဌရာထူးအား မကြာသေးမီက နောက်ထပ် ၃ နှစ် သက်တမ်းတိုးခံရသည့် ဒက်စ်က အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ပြန်လည်ကောင်းမွန်သည့် လမ်းကြောင်းပေါ်တွင် အခြေအနေကောင်းနေပြီး Omicron ဗိုင်းရပ်စ် မျိုးကွဲအပါအဝင် ဗီဇအသစ်များကြောင့် ကူးစက်မှုမြင့်မားမှုနှင့် မကြုံတွေ့ရနိုင်ကြောင်းလည်း ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ အသေးစား စီးပွားရေး အခြေခံများကို အားကောင်းစေခြင်း၊ ဘဏ္ဍာရေးဈေးကွက်များနှင့် အဖွဲ့အစည်းများကို ခံနိုင်ရည်ရှိစေရန်နဲ့ ကောင်းမွန်စေခြင်း၊ ယုံကြည်စိတ်ချရပြီး တည်ငြိမ်တဲ့ မူဝါဒများကို ချမှတ်ထားခြင်းတို့ကို အခုလို အခက်အခဲတွေ ရှိနေချိန်မှာ အမြင့်ဆုံး ဦးစားပေးအစီအစဉ်အဖြစ် ဆောင်ရွက်သွားမှာပါ” ဟုလည်း ဒက်စ်က ပြောကြားသည်။

စားသုံးသူတို့၏ ဝယ်လိုအားတိုးတက်နေကာ ရာသီပွဲတော်ကြောင့်လည်း အေးစက်နေသည့် ဝယ်လိုအားသည် အင်အားကောင်းလာသည်ဟုလည်း ၎င်းက ပြောကြားသည်။

ကျေးလက်ဒေသတွင် ဝယ်လိုအားကောင်းလာသလို စိုက်ပျိုးရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် များစွာ တိုးတက်လာခြင်းကြောင့် လယ်ယာလုပ်ငန်းတွင် အလုပ်အကိုင်ရရှိမှုလည်း မြင့်မားလာသည်။

“အခွန်နဲ့ ထပ်ဆောင်းအခွန်တို့ကို မကြာသေးမီက လျှော့ချပေးလိုက်ခြင်းကြောင်း ဝယ်လိုအား မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်းမှာ ဂျီဒီပီ တိုးတက်မှုနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်း ရှိတဲ့အနက် တတိယ ၃ လပတ်မှာ ၆ ဒသမ ၆ ရာခိုင်နှုန်းနဲ့ စတုတ္ထ ၃ လပတ်မှာ ၆ ရာခိုင်နှုန်း ရှိတယ်” ဟု လည်း ၎င်းက ပြောကြားသည်။

အိန္ဒိယနိုင်ငံ၏ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ဂျီဒီပီတိုးတက်နှုန်းအား ပထမ ၃ လပတ်တွင် ၁၇ ဒသမ ၂ရာခိုင်နှုန်းနှင့် ဒုတိယ ၃ လပတ်တွင် ၇ ဒသမ၈ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required