ဂျပန်ဝန်ကြီးချုပ်ဟောင်း အာဘေး၏ ထိုင်ဝမ်နှင့် ပတ်သက်သည့် မှတ်ချက်ကို တရုတ် ကန့်ကွက်

By ANI
11 December 2021
ဂျပန်ဝန်ကြီးချုပ်ဟောင်း အာဘေး၏ ထိုင်ဝမ်နှင့် ပတ်သက်သည့် မှတ်ချက်ကို တရုတ် ကန့်ကွက်

ထိုင်ဝမ်ကို တရုတ်ကျူးကျော်တိုက်ခိုက်နိုင်ချေရှိမှုနှင့် ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ဟောင်း အာဘေး၏ မကြာသေးမီက မှတ်ချက်ကို တရုတ်အစိုးရက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို တရုတ်က ကျူးကျော်တိုက်ခိုက်ခြင်းသည် ဂျပန်၊ ဂျပန်-အမေရိကန် မဟာမိတ်အဖွဲ့တို့၏ လုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်လာနိုင်ကြောင်း ဒီဇင်ဘာ ၁ရက်က ပြုလုပ်သည့် အွန်လိုင်းဖိုရမ်တစ်ခုတွင် အာဘေးက ပြောကြားခဲ့သည်ဟု Taiwan Focus က ဖော်ပြခဲ့သည်။

ထိုင်ဝမ်ပညာရှင်အဖွဲ့ဖြစ်သည့် အမျိုးသားမူဝါဒသုတေသနဌာနမှ စီစဉ်ကျင်းပသည့် အခမ်းအနားတစ်ခုတွင် အာဘေးက “ဂျပန်နှင့် ထိုင်ဝမ်အကြား နီးကပ်စွာရှိနေခြင်းကြောင့် ထိုင်ဝမ်ကို လက်နက်ကိုင်ကျူးကျော်ခြင်း သည် ဂျပန်အတွက် မလွဲမသွေ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မည်” ဟု ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း၏ မှတ်ချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝေဘင်က “အာဘေးက နိုင်ငံတကာဆက်ဆံရေးကို စိုးမိုးထားတဲ့ အခြေခံစံနှုန်းတွေနဲ့ တရုတ်နဲ့ ဂျပန်အကြား နိုင်ငံရေးဆိုင်ရာ စာချုပ် ၄ စောင်မှာပါတဲ့ အခြေခံမူတွေကို လျစ်လျူရှုပြီး ထိုင်ဝမ်နဲ့ ပတ်သက်ပြီး တာဝန်မဲ့စွာ ထုတ်ဖော်ပြောဆိုပြီး တရုတ်ပြည်တွင်းရေးကို ဝင်နှောက်နေပါတယ် " ဟု ပြောကြားခဲ့သည်။

တရုတ်က အာဘေး၏ မှတ်ချက်ကို အလွန် မကျေမနပ်ဖြစ်ကာ ပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီး သံတမန် လမ်းကြောင်းများမှ တစ်ဆင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း ဝမ်အား ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်ပြည်၏ အမျိုးသားအချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန် ဆုံးဖြတ်ချက်၊ ဆန္ဒနှင့် စွမ်းရည်တို့ကို မည်သူမျှ လျှော့မတွက်သင့်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“စစ်ရေးလမ်းကြောင်းဟောင်းကို လျှောက်လှမ်းပြီး တရုတ်လူမျိုးတွေရဲ့ အောက်ခြေလမ်းကြောင်းကို စိန်ခေါ်ရဲတဲ့ ဘယ်သူမဆို ပွတ်တိုက်မိပြီး ထိခိုက်ဒဏ်ရာတွေ ရသွားမှာ မလွဲမသွေပါပဲ” ဟု ၎င်းက ဆိုသည်။

တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြင့်လာခြင်းနှင့် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန်မှာ စစ်လေယာဉ်များ ထပ်ခါတလဲလဲ လေ့ကျင့်မှုတွေ အရှိန်မြှင့်လာချိန်တွင် တရုတ်က ကျူကျော်တိုက်ခိုက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required