ဒုံးကျည်စမ်းသပ်မှုများအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မည့်အလားအလာကို အီရန် ရှုတ်ချ ဒုံးကျည်များ ထပ်မံတည်ဆောက်သွားမည်ဟု ဆို

ဒုံးကျည်စမ်းသပ်မှုများအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မည့်အလားအလာကို အီရန် ရှုတ်ချ ဒုံးကျည်များ ထပ်မံတည်ဆောက်သွားမည်ဟု ဆို

တီဟီရန်၊ ဇန်နဝါရီ-၁ ။            ။ အီရန်၏ ဒုံးကျည်စမ်းသပ်မှုများအပေါ် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်နိုင်ခြေရှိကြောင်း ပြောကြားချက်ကို အီရန်သမ္မတက ရှုတ်ချလိုက်ပြီး   နောက်ထပ်ဒုံးကျည်များ လျင်မြန်စွာ တည်ဆောက်ပြခြင်းဖြင့် တုန့်ပြန်ရန် ၎င်း၏ ကာကွယ်ရေးဝန်ကြီးဌာနကို အမိန့်ပေးခဲ့သည်ဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့က အဆိုပြုထားသည့် ဒဏ်ခတ်ပိတ်ဆို့မှု မူကြမ်းကို ဖြန့်ဝေခဲ့သော်လည်း အိမ်ဖြူတော်က အချိန်ကာလကို မထုတ်ပြန်ခဲ့သကဲ့သို့ အမှန်တကယ် အကောင်အထည်ဖော် သက်ရောက်စေလိမ့်မလား ဆိုသည်ကိုလည်း ပြောကြားခြင်းမရှိခဲ့ပေ။

အမေရိကန်ပြည်ထောင်စုနှင့် အီရန်ကြား ပဋိပက္ခမြင့်တက်လာနေသည့် နောက်ခံအခင်းအကျင်းတွင် သမ္မတ ဟာဆန် ရိုဟန်နီ၏ ယခုလှုပ်ရှားမှု ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။

လွန်ခဲ့သည့်နှစ်နွေရာသီက နှစ်နိုင်ငံမှ သံတမန်များ အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အီရန်၏ နျူကလီးယားလှုပ်ရှားမှုများကို တင်းကျပ်ကန့်သတ်သော နိုင်ငံတကာ သဘောတူညီချက် တစ်ခုကို ရရှိခဲ့သော်လည်း နှစ်နိုင်ငံကြား ပဋိပက္ခက မဝေးလှသောအနာဂတ်တွင် ရင်ကြားစေ့နိုင်မည့် မျှော်လင့်ချက်များကို မှေးမှိန်သွားစေခဲ့သည်။

တီဟီရန်၏ ကာကွယ်ရေးစွမ်းရည် မြှင့်တင်နိုင်ခွင့်ကို အမေရိကန်အစိုးရ၏ တရားမဝင်စွက်ဖက်မှုကို တုန့်ပြန်လိုက်သည့် မစ္စတာ ရိုဟန်နီက ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဟိုစိန် ဒက်ဂန်အား လက်နက်ကိုင်တပ်ဖွဲ့များက လိုအပ်နေသည့် အမျိုးမျိုးသော ဒုံးကျည်များ ထုတ်လုပ်သည့် စီမံကိန်းများကို ဆက်လုပ်ရန် ညွှန်ကြားခဲ့သည်ဟု အစ္စလာသမ္မတနိုင်ငံ သတင်းအေဂျင်စီက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ လုပ်ရပ်များမှာ တစ်ဖက်သတ်ဆန်၍၊ ဆန္ဒစွဲလွန်းအားကြီးပြီး တရားလည်းမဝင်ကြောင်း သတိပေးခဲ့သည်ဟု သတင်းအေဂျင်စီက နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟိုစိန် ဂျက်ဘာ အန်ဆာရီကို ကိုးကားဖော်ပြသွားခဲ့သည်။

နောက်ပိုင်း နိုင်ငံပိုင်ရုပ်သံ၏ ညစဉ်သတင်းအစီအစဉ်တွင် ပြောကြားရာတွင်လည်း ဗိုလ်မှူးချုပ် ဒက်ဂန်က အီရန်၏ ဒုံးကျည်များကို ပိုမိုစွမ်းရည်မြင့်မားလာအောင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု   ပြောကြားခဲ့သည်။

‘လက်ရှိ ဒေသတွင်းနဲ့ ကမ္ဘာ့အခြေအနေတွေအရ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုကို အင်အားနဲ့သာ ရယူနိုင်တယ်။ ဒါ့ကြောင့် ကျနော်တို့ရဲ့ ဒုံးကျည်တွေကို အကွာအဝေးရော၊ တိကျမှုပါ မှန်ကန်ကောင်းမွန်လာအောင်   ချဲ့ထွင်ရမယ်’ဟု ဒက်ဂန်က ပြောကြားခဲ့သည်။

ယခုတုန့်ပြန်မှုမှာ အီရန်၏ သဘောထားတင်းမာသည့် ရှေးရိုးစွဲများက အမေရိကန်၏ ခြိမ်းခြောက်မှုဟု ယူဆနေကြသော အခင်းအကျင်းတွင် မစ္စတာရိုဟန်နီအနေဖြင့် အာခံမှုတစ်စုံတစ်ရာ ထုတ်ပြရန် အတွင်းနိုင်ငံရေးဖိအားများနှင့် ရင်ဆိုင်နေရကြောင်းကို ထင်ဟပ်ဖော်ပြနေသည်ဟု ဆိုသည်။

နျူကလီးယားသဘောတူညီချက်ကို တွန်းအားပေးခဲ့သည့် မစ္စတာ ရိုဟန်နီကို အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ကောင်းမွန်လိုသူဟာ အများက ယူဆထားကြရာာ ထိုအနေအထားက အချို့သော ပြည်တွင်းပြိုင်ဘက်များကို ဒေါသူပုန်ထစေခဲ့သည်။

မစ္စတာရိုဟန်နီမှာ အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီနှင့် နှိုင်းယှဉ်ပါက အမေရိကန်နှင့် ထိပ်တိုက်တွေ့လိုစိတ် နည်းပါးသူအဖြစ်လည်း ရှုမြင်ကြသည်။

ခါမေနီမှာမူ နျူကလီးယားသဘောတူညီချက်ကို ထောက်ခံခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုမှာ ဘယ်သောအခါမျှ မယုံကြည်ရကြောင်းနှင့် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များကို ချိုးဖောက်မှုအဖြစ် မှတ်ယူရမည်ဖြစ်ကြောင်း သတိပေးနေခဲ့သည်။    

ဒုံးကျည်အငြင်းပွားမှုမှာ နျူကလီးယားသဘောတူညီချက်အပေါ် ဆိုးကျိုးသက်ရောက်စေမည်လား ဟူသည်မှာမူ မကွဲပြားသေးပေ။ သဘောတူညီချက်အရ အီရန်က နျူကလီးယားကို ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက်သာ အသုံးပြုမည်ဟု အာမခံသက်သေပြနိုင်ပါက အတုန့်အလှည့်အနေဖြင့် အီရန်အပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများကို ရက်သတ္တပတ်များအတွင်း   ဖြေလျော့ပေးရမည်ဖြစ်သည်။ သဘောတူညီချက်အတိုင်း အီရန်က လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက သန့်စင်ပြီး ယူရေနီယံ သိုလှောင်ပစ္စည်းများကို ရုရှသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ကုလ လုံခြုံရေးကောင်စီ၏ တားမြစ်ချက်ကို ချိုးဖောက်ခဲ့ပုံရသည့် မကြာသေးမီက ဒုံးကျည်စမ်းသပ်မှုများအပေါ် အီရန်ကို ဒဏ်ခတ်ပိတ်ဆို့မှု အလားအလာ မူကြမ်းကို အိုဘားမားအစိုးရက ကွန်ဂရက်သို့ ပေးပို့ခဲ့ပြီးနောက် တစ်ရက်တွင် မစ္စတာ ရိုဟန်နီ၏ လုပ်ရပ် ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။

သို့ရာတွင် အိမ်ဖြူတော်က နည်းလမ်းများကို စဉ်းစားနေဆဲဖြစ်သည်ဟု ဒီဇင်ဘာ ၃၁ရက်နေ့က ပြောကြားခဲ့သောကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်း လုပ်ဆောင်ဦးမည့်သေဘာ မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required