မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရမှု အံ့ဖြိုးပိုင်ကို အလုပ်ကြမ်း နှင့် ထောင် ၁၀နှစ် အမိန့်ချ၊ တရားလိုဘက်မှ မကျေနပ်

မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရမှု အံ့ဖြိုးပိုင်ကို အလုပ်ကြမ်း နှင့် ထောင် ၁၀နှစ် အမိန့်ချ၊ တရားလိုဘက်မှ မကျေနပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ။ ။ မော်ဒယ် အေးချမ်းမြတ်မိုးကို သတ်ခဲ့တဲ့ တရားခံအံ့ဖြိုးပိုင်အား ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် အနောက်ပိုင်းခရိုင်တရားရုံးမှ ပုဒ်မ ၃၀၂(၂)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည့်အပေါ် တရားလိုဘက်မှ ကျေနပ်မှုမရှိကြောင်း အေးချမ်းမြတ်မိုး၏ ဖခင်ဖြစ်သူ ဦးဝဏ္ဏက မီဒီယာများကို ပြောကြားခဲ့သည်။

မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရမှုနှင့် ပတ်သက်ပြီး အချိန်တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်တွင် အမိန့်ချရန် သတ်မှတ်ထားသော်လည်း ရွှေ့ဆိုင်းကာ ယနေ့မှ အမိန့်ချခြင်းဖြစ်သည်။ 

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိပါဘူး။ ဒါကြောင့် တရားဥပဒေကြောင်းအရ ဆက်လက်ပြီး အယူခံ ဝင်သွားမယ်။ တိုင်းတရားရုံးကနေ နိုင်ငံတော်အထိ အဆင့်ဆင့်ကို တက်သွားမယ်။"ဟု ဦးဝဏ္ဏက မီဒီယာများ၏ မေးမြန်းချက်ကို ပြောကြားခဲ့သည်။

မော်ဒယ်အေးချမ်းမြတ်မိုးဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် အပြင်ကပြန်အလာ တရားစွဲ ဆိုခံထားရသူ အံ့ဖြိုးပိုင်မှ လှေကားတွင် ဓားဖြင့်ထိုးခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ အမှုကို တစ်နှစ်ကျော်ကြာ အချိန်ယူခဲ့ရပြီး နောက်ဆုံး တရားသူကြီး ၂ ယောက်ပြောင်းသည်အထိ ကြာမြင့်ခဲ့သည်။ 

ယခုအမိန့်ချမှုနှင့်ပတ်သက်ပြီး တရားလို ဘက်မှ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ရန်လည်း စီစဉ်ထားသည်ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly