ကျောင်းသားခေါင်းဆောင် ဇေယျာလွင်၊ ပိုင်ရဲသူနှင့် နန်းလင်းတို့အမှု အစမှပြန်လည်စစ်မည်

ကျောင်းသားခေါင်းဆောင် ဇေယျာလွင်၊ ပိုင်ရဲသူနှင့် နန်းလင်းတို့အမှု အစမှပြန်လည်စစ်မည်
အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် လွှတ်တော်ထဲက တပ်မတော်သားများ ဖယ်ရှားပေးရန် ဆန္ဒပြ၍ ဖမ်းဆီးခံရသည့် တကသကျောင်းသား ပိုင်ရဲသူ (ဓာတ်ပုံ- ဖိုးသားဖေ့စ်ဘုတ်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ။ ။ ပန်းပဲတန်းတရားရုံးတွင် ပုဒ်မ ၅၀၅၀(ခ)နှင့် ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆိုခံထားရသော တကသကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ဇေယျာလွင်၊ ပိုင်ရဲသူနှင့် နန်းလင်းတို့ကို စစ်ဆေးနေသည့် တရားသူကြီး အပြောင်း အလဲကြောင့် နောက်တစ်ပတ်ရုံးချိန်းတွင် အမှုတွင် အစမှပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း တကသ မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်သူ ဖိုးသားက မဇ္ဈိမကို ပြောသည်။

“ဒီနေ့ အမှုက ထူးခြားချက်ကတော့ တရားသူကြီးပြောင်းသွားတယ်ဗျ။ တရားသူကြီးအသစ်က အခုကို ဇေယျာလွင်တို့ကို အစကနေ ပြန်စစ်မယ်လို့ ပြောပါတယ်။ ဒီနေ့တော့ ဘာမှမစစ်ဖြစ်ဘူး။ နောက် တစ်ပတ်ရုံးချိန်းမှ ပြန်စစ်မှာပါ"ဟု ဖိုးသားက ပြောသည်။

၂၀၁၅ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သိမ်ကြီးဈေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် လွှတ်တော်ထဲကအစိတ်သား(တပ်မတော်သား)၂၅ ရာခိုင်နှုန်းထွက်သွားပေးရေးတောင်းဆိုဆန္ဒပြခဲ့မှုကြောင့် အခုလိုတရားစွဲဆိုခံရခြင်းဖြစ်သည်။

ဒါ့အပြင် ဒဂုံတက္ကသိုလ်ကျောင်းဝင်းအတွင်း အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲကို ၂၀၁၄ခုနှစ်၊စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်းကြောင့် တကသကျောင်သားများဖြစ်သော နန်းလင်း၊ မင်းသုခ နှင့် စည်သူမောင်တို့ကို ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်ထားကြောင်းလည်း ယနေ့ရုံးချိန်းတွင် ဒဂုံအရှေ့မြို့နယ်မှ ရဲမှူးက လာရောက်ပြောကြားခဲ့သည်။

“ဒီနေ့ ဒဂုံအရှေ့မြို့နယ်က ရဲမှူးက လာသွားတယ်။ တရားစွဲထားတာတော့ ကြာပီပေါ့နော်. သူတို့ အဲဒီလူတွေကို လိုက်ရှာနေတာ မတွေ့လို့ အခုမှ ဒီမှာလာအကြောင်းကြားတာလို့ ပြောတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျောင်းသားတွေကို အမျိုးမျိုးဖိနှိပ်တရားစွဲဆို ဖမ်းဆီးထောင်ချထားသလို၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကိုလည်း တရားစွဲဆိုမှုတွေ လုပ်နေတာတွေ ရှိတယ်။ အခုလည်း အရင်တုန်းက အမှုဟောင်းတွေကို အစပြန်ဖော်နေတဲ့အတွက်  ဒီလက်ရှိအစိုးရဟာ သူအာဏာမလွဲခင် မျက်နှာဖုံး ကွာကျလာတာပါပဲ။ ဒီဖြစ်ရပ်တွေက သက်သေပါပဲ။”ဟု ဖိုသားက ပြောကြားခဲ့သည်။

ယခုလာရောက်စွဲဆိုထားသော ပုဒ်မ ၁၈ နှင့်ပတ်သက်၍ အယုံအကြည်မရှိသည့်အတွက် အယူခံဝင်သွားမည် မဟုတ်ကြောင်းနှင့် စစ်ဆေးမှုခံယူသွားမည်မဟုတ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

ရုံးချိန်းကို ဒီဇင်ဘာလ ၂၉ ရက်တွင် ပန်းပဲတန်းတရားရုံး၌ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly