မော်ရင်ဟိုကဲ့သို့ ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟု ဗန်ဟားလ် ပြောဆို

မော်ရင်ဟိုကဲ့သို့ ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟု ဗန်ဟားလ် ပြောဆို

မန်ချက်စတာ၊ ဒီဇင်ဘာ ၁၉ ။          ။ ချယ်လ်ဆီးနည်းပြမော်ရင်ဟို ထုတ်ပယ်ခံရခြင်းသည် အလွန်အံ့အားသင့်ဖွယ်ကောင်းကြောင်းနှင့် ၎င်းသည်လည်း မော်ရင်ဟိုကဲ့သို့ ရာထူးမှ ထုတ်ပယ်ခံ ရနိုင်ကြောင်း မန်ယူနည်းပြ ဗန်ဟားလ်က ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်း၏ နည်းစနစ်ဒါရိုက်တာ အီမန်နယ်လိုက မော်ရင်ဟိုကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်း၏ အဓိက အချက်တစ်ခုမှာ ကစားသမားများနှင့် မသင့်မြတ်၍ဖြစ်ကြောင်း ပြောဆိုထားသည်။

ဗန်ဟားလ်သည်လည်း အသင်းသားအချို့နှင့် ပြေလည်မှုမရှိဟု ပြီးခဲ့သည့် အပတ်က သတင်းများထွက်ပေါ်ထားသည်။ ထို့အပြင် မန်ယူအသင်းသည် နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ငါးပွဲတွင် နိုင်ပွဲမရှိခဲ့ဘဲ သုံးပွဲသရေ၊ နှစ်ပွဲရှုံးထားသည်။

အသက် ၆၄ နှစ်အရွယ်ရှိ ဗန်ဟားလ်က ၎င်း၏နည်းပြဘဝကို ကလပ်အသင်းမှ ထုတ်ပယ်ခံရခြင်းနှင့် အဆုံးမသတ်လိုကြောင်းလည်းပြောသည်။

'ကျွန်တော့ရဲ့ နည်းပြဘဝကို အသင်းက ထုတ်ပယ်ခံလိုက်ရခြင်းနဲ့ အဆုံးမသတ်လိုပါဘူး။ ဘောလုံးလောကကို ဒီလိုနှုတ်ဆက်သွားရမယ်ဆိုရင် တကယ်ကို စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်။ မီဒီယာတွေနဲ့ ပရိသတ်တွေက ပေးနေတဲ့ဖိအားထက် ကျွန်တော်အရင်က ရရှိခဲ့တဲ့ အောင်မြင်မှုတွေက ကျွန်တော့်ကို ပိုပြီးဖိအားဖြစ်စေတယ်လို့ ထင်ပါတယ်။

ကစားသမားတွေနဲ့ ဘုတ်အဖွဲ့က ကျွန်တော့်အပေါ် ယုံကြည်မှု အပြည့်အဝရှိတယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ပွဲနဲ့ ရလဒ်ကောင်းတွေရဖို့ လုပ်ရပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့အားလုံး သိပါတယ်။ ကျွန်တော်သိသလို၊ ကစားသမားတွေလည်းသိပါတယ်။ ရှုံးပွဲတွေအရမ်းများလာမယ်ဆိုရင်တော့ ကျွန်တေ်ာ့အတွက် ကမ္ဘာကြီး အဆုံးသတ်သွားပါလိ့မ်မယ်' ဟု ဗန်ဟားလ်က ပြောသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required