မဲဆွယ်ပွဲတစ်ခုတွင် ဆယ်ကျော်သက်တစ်ဦးက စပိန်ဝန်ကြီးချုပ် မျက်နှာကို လက်သီးနှင့်ထိုး

မဲဆွယ်ပွဲတစ်ခုတွင် ဆယ်ကျော်သက်တစ်ဦးက စပိန်ဝန်ကြီးချုပ် မျက်နှာကို လက်သီးနှင့်ထိုး

မက်ဒရစ်၊ ဒီဇင်ဘာ-၁၇ ။           ။ ဒီဇင်ဘာ ၁၆ရက်နေ့က မဲဆွယ်ပွဲတစ်ခုတွင် လူငယ်တစ်ယောက်က စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်း၏ မျက်နှာကို လက်သီးဖြင့်ထိုးသည့်အတွက် မှင်သက်မိနေသည့် ဝန်ကြီးချုပ်မှာ မျက်မှန် ကျိုးကြေကာ အနာတရဖြစ်သွားခဲ့သည်ဟု ဆိုသည်။

အေပီသတင်းဌာန၏ ပြောကြားချက်အရ ဝန်ကြီးချုပ်မှာ အခြားတစ်ယောက်နှင့်တွဲ၍ မဲဆွယ်တရားဟောရန် စပိန်နိုင်ငံအနောက်မြောက်ပိုင်း ပွန့်တီဗီဒရာမြို့၏ လမ်းတစ်လမ်းသို့ ရောက်ရှိလာစဉ် စပိန်သတင်းစာများက ၁၇နှစ်သားဟု ဖော်ပြသည့် တိုက်ခိုက်သူက မစ္စတာ ရာဂျွိုင်း၏ ဘယ်ဘက်ပါးကို လက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။ တိုက်ခိုက်သူလူငယ်ကို ချက်ချင်းပင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

မစ္စတာ ရာဂျွိုင်းက လူမှုကွန်ရက် တွစ်တာတွင် သူ အခြေအနေကောင်းမွန်သွားခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အနီးဝန်းကျင်မြို့မှ မဲဆွယ်ပွဲတွင် ပြန်လည်ပေါ်ထွက်လာသည့်အခါတွင်မူ မျက်နှာတွင် အနီရောင် အစင်းထင်နေသည်ကို တွေ့ကြရသည်ဟု ဆိုသည်။

တိုက်ခိုက်သူမှာ ဆယ်ဖီရိုက်ချင်ဟန်ဆောင်၍ ဝန်ကြီးချုပ်အနားသို့ တိုးကပ်သွားခဲ့ခြင်းဖြစ်သည်ဟု စပိန်သတင်းစာ El Paisတွင် ဖော်ပြထားသည်။ စပိန်နိုင်ငံတွင် လာမည့်တနင်္ဂနွေနေ့တွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required