ပွင့်ဖြူတွင် နွားကျောင်းသားတစ်ဦး ကျားကိုက်ခံရ

By The Nation Voice
29 August 2021
ပွင့်ဖြူတွင် နွားကျောင်းသားတစ်ဦး ကျားကိုက်ခံရ

ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ အနီးတွင် နွားကျောင်းနေသည့် အမျိုးသားတစ်ဦး ယနေ့နေ့လည်ပိုင်းက ကျားကိုက်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ နွားကျောင်းတဲ့ ကိုစန်းဝင်းပေါ့ ။ အသက်အရွယ်ကတော့ ၄၀ ကျော် ၅၀ ဝန်းကျင်လောက်ရှိပြီထင်ပါတယ်။ သူက နွားကျောင်းသွားရာမှာ ကျားကိုက်ခံရတာ၊ ကျားကိုက်ခံရတော့ ပေါင်မှာ ကြီးမားတဲ့ ဒဏ်ရာရတယ်။ သူ့ကိုတော့ ဆေးရုံပို့လိုက်တယ်။ ကျားကတော့ မမိဘူး။ အမှန်က ဒီဒေသမှာ တစ်ခါမှာလည်း ကျားတွေ့လည်း မတွေ့ဖူးဘူး။ တောတောင်ကလည်း တော်တော်လေးရှားပါးတယ်။ အံ့ဩတယ်။ ထူးဆန်းတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကျေးရွာအနီးတ၀ိုက်တွင် ကျားနေထိုင်နိုင်လောက်သည့် တောတောင်မရှိကြောင်း၊ ကျား၏ ခြေရာသည် လက် ငါးလုံးနီးပါးရှိ၍ အကောင်ကြီးမည်ဟု ယူဆကြောင်း အဆိုပါဒေသခံက ပြောသည်။

“တောတောင်ပြုန်းတီးပြီး အစာရေစာ ရှားပါးပြီး မျက်စိလည်လမ်းမှားပြီး ဒီဘက်ကို ရောက်လာတယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကျားတွေ့ရှိရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ယနေ့တွင် နွားကျောင်းသားတစ်ဦး အကိုက်ခံရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required