စစ်မှုထမ်းဟောင်းများ နောက်ဆံမငယ်စေရန် ဆောင်ရွက်ခြင်းသည် ကြီးမားသည့် ကုသိုလ်ဖြစ်သည်ဟုပြော

စစ်မှုထမ်းဟောင်းများ နောက်ဆံမငယ်စေရန် ဆောင်ရွက်ခြင်းသည် ကြီးမားသည့် ကုသိုလ်ဖြစ်သည်ဟုပြော
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဒီဇင်ဘာ ၁၄ ရက် ။           ။ စစ်မှုထမ်းဟောင်းများ အိုသည့် နာသည့် အချိန်တွင် ၎င်းတို့၏ ဘဝများကို နောက်ဆံမငယ်ရစေရန် ဆောင်ရွက်ပေးခြင်းသည် ကြီးမားသည့် ကုသိုလ်တစ်ခုဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်လမ်းနှင့် ရတနာမဉ္ဇူလမ်းထောင့်ရှိ 'ကရုဏာကမ္ဘာ စစ်မှုထမ်းဟောင်း ဘိုးဘွားရိပ်သာ' ဆောက်လုပ်ရန် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားခြင်းဖြစ်သည်။

တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ၊ စစ်မှုထမ်းအငြိမ်းစားများ၊ စေတနာရှင်များမှ လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၁,၆၂,၀၀ ကျပ်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် 'မူလအလှူရှင်' ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် (အငြိမ်းစား) တို့က လက်ခံရယူကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

စစ်သည်များသည် တိုင်းပြည်အတွက် ပေးဆပ်ခဲ့ရသည့်အတွက် ၎င်းတို့အား ကြည့်ရှုရန် ဥပဒေပြဌာန်း ဆောင်ရွက်နေပြီး တပ်မတော်နှင့် စစ်မှုထမ်းအငြိမ်းစားများ၊ စေတနာရှင်အလှူရှင်များကလည်း ပူးပေါင်းဆောင်ရွက်သည်ဟု ဗိုလ်ချုပ်မှူးကြီး က ပြောသည်။

အငြိမ်းစားတပ်မတော်သား မိသားစုဝင်များ၊ အကြောင်းအမျိုးမျိုးကြောင့် ကျဆုံး/ကွယ်လွန်သွားသည့်သူများ၏ ကျန်ရစ်သူ မိသားစုအား စောင့်ရှောက်ရန် ယခုဘိုးဘွားရိပ်သာကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။ ရန်ကုန်နှင့် မန္တလေးမြို့များ တွင်လည်း အလားတူ တည်ဆောက်မည်ဟုလည်းသိရသည်။

စစ်မှုထမ်းဟောင်းများ 'နောင်ရေး မကြောင့်ကြရန်' ဆောင်ရွက်ပေးနေရာတွင် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက် လုပ်ခြင်းနှင့် ပညာရေး၊ ကျန်းမာရေးတို့လည်း ပါဝင်ပြီး ကုန်ကျမှုကို တပ်မတော် သက်သာချောင်ချိရေး ရန်ပုံငွေ၊ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့၏ အမြတ်ငွေများမှ အသုံးပြုနေသည်ဟု ဗိုလ်ချုပ်မှူးကြီး က ပြောသည်။

ဒီဇင်ဘာ ၁၃ ရက်နေ့က ဘိုးဘွားရိပ်သာဆောက်လုပ်ရန် ဒုတိယအကြိမ် လှူဒါန်းကြသည်ကို 'မူလအလှူရှင်' ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် (အငြိမ်းစား) က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ကရုဏာကမ္ဘာ စစ်မှုထမ်းဟောင်း ဘိုးဘွားရိပ်သာ တည်ဆောက်နေမှုကို မော်တော်ယာဉ်များဖြင့် လှည့်လည်စစ်ဆေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required