Accept NUG ၊ Reject Military” ပရိုဖိုင်ချိန်းသူ အနုပညာရှင် ၆၃ ဦးကို စစ်ကောင်စီ အမှုဖွင့်

Accept NUG ၊ Reject Military” ပရိုဖိုင်ချိန်းသူ အနုပညာရှင် ၆၃ ဦးကို စစ်ကောင်စီ အမှုဖွင့်

ဩဂုတ် ၁၃

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်း ပြသသည့် “Accept NUG ၊ Reject Military” ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်က ပရိုဖိုင်ကမ်ပိန်းလှုပ်ရှားမှုတွင် ပါဝင်သူ အနုပညာရှင် ၆၃ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် မနေ့က (ဩဂုတ် ၁၂ ရက်) အမှုဖွင့်ထားကြောင်း သိရသည်။

ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်က “Accept NUG ၊ Reject Military” ပရိုဖိုင် ကမ်ပိန်းလှုပ်ရှားမှုတွင် ပါဝင်သူများအား စာရင်းပြုစုထားရန် ရန်ကုန်အနောက်ပိုင်းခရိုင် ရဲစခန်းက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ရပ်ကွက်အားလုံးကို ပြီးခဲ့သည့် ရက်ပိုင်းက ညွှန်ကြားပြီးနောက် ယခုကဲ့သို့ အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

လာမည့် စက်တင်ဘာလလယ်တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာကိုယ်စားပြု ကုလအထူးကိုယ်စားလှယ်ကို ရွေးချယ်ရန်ရှိနေသည့်အတွက် NUG သည်သာလျှင် တရားဝင်အစိုးရဟု ပြသသည့် အနေဖြင့် “Accept NUG ၊ Reject Military”ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူ တစ်ဦးက ဆိုသည်။

လူမှုကွန်ရက်ပေါ်ရှိ ပရိုဖိုင်ကမ်ပိန်း ပြုလုပ်သူများသည် NUG ကို ထောက်ခံနေသူများ ဖြစ်သည့်အပြင် အကြမ်းဖက်လုပ်ရပ်များအား ပြုလုပ်ရန် တိုက်တွန်းသူ၊ အားပေးအားမြှောက်ပြုသူ၊ ဝါဒဖြန့်နေသူများ ဖြစ်သည်ဟု စစ်ကောင်စီမှ သတ်မှတ်ထားခြင်း ဖြစ်သည်။

ယခုအမှုဖွင့်ခံထားရသည့် အနုပညာရှင် ၆၃ ဦးထဲတွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့စဉ်က နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရဖူးသူများ ပါဝင်နေသည်။ စစ်ကောင်စီက အမှုပိတ်သိမ်းလိုက်သည့် အနုပညာရှင်များပါ ယခုလှုပ်ရှားမှုတွင် ပါ၀င်နေသည့်အတွက် ထပ်မံအမှုဖွင့် ခံထားရခြင်းဖြစ်သည်။

ဩဂုတ် ၁၀ ရက်က စတင်လှုပ်ရှားလာကြသည့် NUG တံဆိပ်ပါ “Accept NUG ၊ Reject Military” ကမ်ပိန်းတွင် ပါဝင်လာသူ လူပေါင်းသန်းချီပါ၀င်နေကြခြင်းဖြစ်သည်။

ဓာတ်ပုံ (အွန်လိုင်းတွင် ပေါက်ကြားလာသည့် စာရင်းတချို့)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly