ရွေးကောက်ပွဲရလဒ်ကြောင့် မျက်ရည်ကျခဲ့သော်လည်း ခံယူချက်ဖြင့် အလုပ်လုပ်နေဟု ဦးရွှေမန်းပြော

ရွေးကောက်ပွဲရလဒ်ကြောင့် မျက်ရည်ကျခဲ့သော်လည်း ခံယူချက်ဖြင့် အလုပ်လုပ်နေဟု ဦးရွှေမန်းပြော

နေပြည်တော်။ ။ ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးရွေးကောက်ပွဲတွင် ထွက်ပေါ်လာသည့်    အရှုံးရလာဒ်ကြောင့် ကိုယ်တိုင်မျက်ရည်ကျခဲ့ရသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကာ မွေးရပ်ဇာတိဖြူးမြို့နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သော ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောဆို လိုက်သည်။
“အကြောင်းအမျိုးမျိုးကြောင့်ရှုံးသွားတယ် စိတ်မကောင်းပါဘူး တစ်ယောက်တည်းမဟုတ်ပါဘူး၊ မိသားစု၊ ပြီးတဲ့အခါမှာ တကယ့် ဒို့အပေါ်နားလည်စေတနာထားတဲ့သူတွေ စိတ်မကောင်းကြဘူး၊ တစ်ချို့လည်း ငိုကြတယ်၊ အဲ့ဒီမှာခင်ဗျားကော မပါဘူးလား။ ဒို့လည်း ငိုတယ် ၊ ဒို့မိန်းမလည်းငိုတယ် ကိုယ့်ပတ်ဝန်းကျင်ကလည်း ငိုတယ်၊ ဒါပေမယ့် ငိုပြီးတဲ့အခါကျတော့ အေး..ဒါက ပြည်သူတွေအဆုံးအဖြတ်ပဲ၊ ဒါခံယူရမှာပေါ့၊ အဲ့တော့ ပြည်သူက သူတို့ နိုင်ပေးစေချင်တဲ့သူ နိုင်သွားပြီ။ ဒါကြောင့်မို့လို့ကိုယ်လည်း ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်လဲအနိုင်ရတဲ့အထဲမှာပါတယ်ဆိုတဲ့အနေအထားနဲ့ဒီခံယူချက်နဲ့ဆက်လုပ်တယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ဥက္ကဌများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဒီဇင်ဘာ ၁၁ရက်၊ ညနေ ၅နာရီတွင် ဇေယျာသီရိမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သူရဦးရွှေမန်းသည် ၂၀၁၀ရွေးကောက်ပွဲတွင် နေပြည်တော်၊ ဇေယျသီရိမြို့နယ်မှ အနိုင်ရရှိခဲ့သူဖြစ်သည်။ လက်ရှိ ၂၀၁၅ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားသူ သူရဦးရွှေမန်းသည် ပါတီတစ်ခုတည်းဖြင့် အစိုးရဖွဲ့စည်းခွင့်ရရှိကာ သောင်ပြို၊ ကမ်းပြို အနိုင်ရသွားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ်ရေအများဆုံး တွေ့ဆုံနေသူတစ်ဦးဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required