နုနယ်တဲ့ကလေးငယ်တွေကို လူသတ်လက်နက်ပေးကိုင်စေတာ လက်ခံနိုင်စရာမရှိ

နုနယ်တဲ့ကလေးငယ်တွေကို လူသတ်လက်နက်ပေးကိုင်စေတာ လက်ခံနိုင်စရာမရှိ

ဇွန် ၇

ဇွန်လ အစောပိုင်းရက်တွေမှာ စစ်ကောင်စီတပ်သားတွေက စာသင်ခန်းထဲက ကလေးငယ်တွေကို လက်နက်တွေ ပေးကိုင်စေခဲ့တဲ့အပေါ် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ရန်ကုန်နဲ့ အခြားမြို့တွေမှာ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ စစ်ကောင်စီ တပ်သားတွေကို လုံခြုံရေးယူစေကာ ကျောင်းတွေ ပြန်ဖွင့်ခဲ့ပေမယ့် ကျောင်းတက်သူဦးရေကတော့ လေးပုံတစ်ပုံပင်မပြည့်ခဲ့ပါဘူး။ 

လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျောင်းဝန်းထဲမှာ နေရာယူကြသလို အချို့က စာသင်ခန်းတွေထဲက ကလေးတွေ အနီးအနားထိ ရှိနေကြတာကို လူမှုကွန်ယက် စာမျက်နှာက ပုံတွေအရသိနိုင်ပါတယ်။

စစ်ကောင်စီကဖွင့်တဲ့ စာသင်ကျောင်းတွေမှာ ကလေးငယ်တွေကို အန္တရာယ်များတဲ့ လူသတ်လက်နက်တွေပေးကိုင်ခဲ့စေတာနဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နဲ့ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနက ဝန်ကြီး နော်စူစန်နာလှလှစိုးက မဇ္ဈိမကိုခုလိုပြောပါတယ်။  

"ကျွန်မအမြင်ကတော့ စာသင်ကျောင်းနဲ့ လက်နက်ကိုင်ဆိုတာ ဘယ်လိုမှ မအပ်စပ်တဲ့နေရာပေါ့နော်၊ နောက်ကလေးတွေကို လက်နက်တွေပေးကိုင်တဲ့ပုံတွေ လူမှုကွန်ယက်စာမျက်နှာမှာ တက်နေတာကျွန်မလဲတွေ့တယ်၊ အဲ့တာကတော့ပိုတောင်မလုပ်သင့်တာပေါ့နော်၊ ဘာကြောင့်လဲဆို မြန်မာနိုင်ငံက ကလေး စစ်သားစုဆောင်းတာရပ်တန့်ဖို့အတွက် လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခုဖြစ်တယ်၊ ခုလိုလုပ်နေတာတွေက ပုံရိပ်မကောင်းဘူး၊ ကလေးတွေက စာလာသင်ကြတာဖြစ်တယ် လက်နက်တွေပေးကိုင်ကြပြီး ဓာတ်ပုံရိုက်ကြတာတော့ လုံးဝလက်မခံနိုင်ဘူး ကန့်ကွက်ပါတယ်" လို့ သူကဆိုပါတယ်။ 

နုနယ်တဲ့ကလေးတွေကို အခုလို လူသတ်လက်နက်တွေပေးကိုင်ခိုင်းခဲ့တာကို ဆရာတွေအနေနဲ့လဲ လက်ခံနိုင်စရာမရှိကြောင်းဝေဖန်ရေးသားမှုတွေတွေ့ရပါတယ်။ ဒါက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို လွှမ်းမိုးသွားရင် ပြဿနာရှိတယ်လို့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ 

" ကျောင်းတွေဟာ စစ်စခန်းမဟုတ်ပါဘူး။ ကျောင်းတွေမှာ အခုလိုစစ်ကောင်စီက နေနေတယ်ဆိုတာ စာသင်ကျောင်းကိုအမှီပြုပြီး ကျောင်းသားတွေကို လူသားဒိုင်းအဖြစ်အသုံးချတယ်လို့ပဲမြင်ပါတယ်။ ဒီကိစ္စကနိုင်ငံတကာဥပဒေတွေကိုလည်းပေါ်ပေါ်တင်တင်ချိုးဖောက်နေခြင်းလည်းဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။စစ်သားဟာ စစ်တန်းလျားမှာနေရမှာပါ၊ စာသင်ခန်းနဲ့ လားလားမှမသက်ဆိုင်ပါဘူး။ ကိုယ့်နေရာ ကိုယ်နေပြီး ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ပဲ ပြောလိုပါတယ်" လို့ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ကိုနောင်ချိုက ပြောပါတယ်။ 

ရန်ကုန်မြို့က ကျောင်းသားမိဘတစ်ဦးကတော့ ကလေးတွေကိုအသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ လက်နက်တွေကိုင်တွေစေတာက အတော်လေး ဆင်ခြင်ဉာဏ်မဲ့တဲ့လုပ်ရပ်ဖြစ်ကြောင်းခုလိုပြောပါတယ်။ 

" ဒါက တော်တော်ဆင်ခြင်မှုမဲ့တာ၊ ကလေးတွေကို ဒီလောက်အန္တရာယ်များတဲ့ ဟာတွေကို ပေးကိုင်တာတော့ အတော်ဆိုးတယ်၊ ဒါတွေအပြင် ကလေးတွေကို သူတို့ ဘယ်လိုအတွေးမျိုးတွေရိုက်သွင်းမလဲဆိုတာမသိနိုင်ဘူး၊ ဒါတွေကအစပဲရှိသေးတယ်၊ စစ်အုပ်စုက ဘယ်လိုမှကောင်းကျိုးမပေးဘူး၊ အဲ့တော့ ကလေးတွေကို အိမ်မှာထားတာပဲကောင်းတယ်"လို့ အမည်မဖော်လိုတဲ့ မိဘတစ်ဦးကပြောပါတယ်။ 

ဖေဖော်ဝါရီလ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ စာသင်ကျောင်းတွေနဲ့ ကျောင်းဝန်ထမ်းတွေကို တိုက်ခိုက်မှု အနည်းဆုံး ၅၄ ခုရှိခဲ့ပြီး စစ်တပ်အသုံးပြုနေတဲ့ပညာရေးဝန်ဆောင်မှုပေးတဲ့နေရာတွေမှာ မတော်တဆဖြစ်မှုက ၁၄၁ ခု ရှိခဲ့တယ်လို့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ယူနီဆက်(ဖ်) က မေလ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

"ကလေးများ သင်ယူလေ့လာမှုများပြုလုပ်နိုင်ရန် မည်သည့်အချိန်တွင်မဆို စိတ်ချလုံခြုံမှုရှိစေရေးကို ဦးစားပေးဆောင်ရွက်ရန်" လည်း ယူနီဆက်(ဖ်)က တိုက်တွန်းထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required