စစ်မှန်သည့် ဒီမိုကရေစီရမှ အမျှဝေရန် မှာကြားကာ သေဆုံးခဲ့သည့် မဝင်းမော်ဦးအတွက် အမျှဝေပွဲလုပ်မည်

စစ်မှန်သည့် ဒီမိုကရေစီရမှ အမျှဝေရန် မှာကြားကာ သေဆုံးခဲ့သည့် မဝင်းမော်ဦးအတွက် အမျှဝေပွဲလုပ်မည်

ပုသိမ်၊ ဒီဇင်ဘာ ၃ ။ ။ ၁၉၈၈ခုနှစ် အရေးတော်ပုံတွင် သေနတ်ထိမှန်သေဆုံးခဲ့သည့် အဌ္စမတန်းကျောင်းသူ ၁၆နှစ်အရွယ် မဝင်းမော်ဦးအား သေဆုံးပြီး ၂၇နှစ်ကျော်ချိန် ဒီဇင်ဘာ ၆ရက်တွင် အမျှပေးဝေပွဲ ပြုလုပ်မည်ဖြစ်သည်။ 

ဒီမိုကရေစီမရလျှင် အမျှမဝေရန် မှာကြားခဲ့သည့် မဝင်းမော်ဦးကို သေဆုံးပြီး ၂၇နှစ်အကြာ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အနိုင်ရရှိခဲ့သည့်အတွက် အမျှဝေပွဲ ကျင်းပရခြင်း ဖြစ်သည်ဟု သိရသည်။

အမျှပေးဝေပွဲကို ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ အရွှဲကျေးစွာအုပ်စု၊ အမြောင်းကျေးရွာ၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းတွင် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့၊ ဒီဇင်ဘာ ၆ ရက်တွင် ဆွမ်းကပ်မည်ဖြစ်သည်။

၁၉၈၈၊ ဒီမိုကရေစီအရေးတော်ပုံတွင် စက်တင်ဘာ ၁၉ရက်၌ ရန်ကုန်မြို့ ဆူးလေးဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် သေနတ်ထိမှန်ပြီး ရန်ကုန်ပြည်သူဆေးရုံကြီး၌ ညနေ ၅:၃၅မိနစ်တွင် ကွယ်လွန်ခဲ့သည်။ မကွယ်လွန်မှီ မဝင်းမော်ဦးက စစ်မှန်သော ဒီမိုကရေစီရရှိမှ အမျှပေးဝေရန်၊ မရလျှင်အမျှမပေးဝေရန် နောက်ဆုံးဆန္ဒအား ပြောပြီး ဖခင်ထံမှ ကတိတောင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required