နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၈ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၈ မေ ၂၀၂၁)
ပုံ - ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo -AFP)

ရန်ကုန်တိုင်းဒေသကြီး

• တောင်ဒဂုံ၊ (၇၀) ရပ်ကွက်ရှိ အ.မ.က (၁၄) တွင် ယနေ့နံနက် ၂ နာရီဝန်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုဘက်က CDM လုပ်နေသည့် အဆိုပါကျောင်းမှ ဆရာမ ဒေါ်လဲ့လဲ့ဝင်းအား ၎င်း၏ နေအိမ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စစ်အုပ်စုလက်နက်ကိုင်များက လာရောက်ဖမ်းဆီးသွားသည်။ 

• လမ်းမတော်၊ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်မှာ ယနေ့နံနက်ပိုင်းက လမ်းမတော် (၈) လမ်းအတွင်း၌ သေနတ်နှင့် ပစ်ခတ်ခံရသည်ဟု ယူဆရသည့် ဦးခေါင်းပွင့်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။ ယနေ့နံနက်ပိုင်း က အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၅ နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး ကိုင်းတန်းလမ်းတွင်လည်း ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သေးသည်။ လက်ရှိတွင် စစ်အုပ်စုလက်နက်ကိုင်များက အနော်ရထာလမ်းနှင့် ဂျန်းရှင်းမော်တင် စျေးဝယ်စင်တာများအပါအဝင် နေရာအတော်များများ၌ လုံခြုံရေးတင်းကျပ်ထားလျက် ရှိသည်။ 

• ရန်ကုန်မြို့နယ်အချို့တွင် ပိတ်သိမ်းခံလိုက်ရသည့် သတင်းဌာနများမှ သတင်းထောက်များအား မြို့နယ်အခြေစိုက်ရဲစခန်းမှ လက်နက်ကိုင်ရဲများက မူလနေအိမ်တွင် ဆက်လက်နေထိုင်ခြင်း ရှိ၊ မရှိ လိုက်လံစုံစမ်းလျက်ရှိသည်။ 

• နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ရွှေပြည်သာမြို့နယ်၊ ဒညင်းကုန်းလမ်းဆုံအနီး၊ ကန်သာယာမှတ်တိုင်ရှိ ရွှေပြည်သာ စစ်ကြောရေးအဝင်ဂိတ်ကို ယနေ့ နေ့လယ်ပိုင်းက လက်လုပ်မိုင်း ပစ်ခံခဲ့ရကာ မိုင်းမှာ ဂိတ်အနီး အမှိုက်ပုံအနီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အမျိုးသားနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါစစ်ကြောရေးစခန်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပပိုင်း ရန်ကုန်မြို့တွင်း ဖမ်းဆီးခံရသူများကို အဓိကထိန်းသိမ်းစစ်ဆေးသည့် နေရာဖြစ်ကာ လူ့အခွင့် အရေးချိုးဖောက်မှု အများဆုံးပြုလုပ်နေသည့် စစ်ကြောရေးစခန်း ဖြစ်သည်။ 

• စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ရန်ကုန်မြို့ခံလူငယ်များက တာမွေမြို့နယ်၊ အဝိုင်းထိပ်ကုန်းတံတားပေါ်မှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းများ စာရွက်များ ကြဲဖြန့်ခဲ့ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• ရွှေပြည်သာမြို့နယ် လူငယ်များကလည်း "အားတင်းထားပါ မင်းတပ်ရာ မင်းတို့နောက်မှာ ရန်ကုန်ရှိတယ်" အပါအဝင် CDM မလုပ်သူများမှာ စစ်ကျွန်များသာ ဖြစ်ကြောင်း ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ အိမ်တွင်းသပိတ် ပြုလုပ် ခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• မန်း ပုသိမ်ကြီးမြို့နယ်၊ သမဝါယမတက္ကသိုလ် ကျောင်းသား/သူများကလည်း ယနေ့နံနက်ပိုင်း တောင်တက်သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင် မန္တလေးတွင် ရှိနေကာ လုံခြုံရေးတင်းကြပ်နေသည့်ကြားကပင် မန်းတပ်ပေါင်းစုသပိတ်စစ်ကြောင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ မန်းတတပ်ပေါင်းစုတွင် ဘုရားကြီး၊ စိန်ပန်း၊ မဟာအောင်မြေ၊ တမ္ပဝတီ စသည့် သပိတ်စစ်ကြောင်းများ ပါဝင်သည်။ 

• ချမ်းမြသာစည် သပိတ်စစ်ကြောင်းကလည်း စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်းနှင့် ဒီမိုကရေစီစနစ်သာ လိုလားကြောင်း လမ်းများပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ချမ်းမြသာစည်မြို့နယ် ကျောင်းသားများသမဂ္ဂသပိတ်စစ်ကြောင်းက လည်း စစ်အုပ်စုလုံခြုံရေးတင်းကြပ်ထားမှုများကို ရှောင်ရှားကာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဆန္ဒပြခဲ့ကြသည်။

• မန်း ရတနာပုံတကသနှင့် မန်းအခြေစိုက် တကသများသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ မန္တလေးမြို့လယ်ခေါင် (၃၅) လမ်းပေါ်ထိ တက်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• နေ့လယ်ပိုင်းများတွင် လမ်းများတက်၍ NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ် ဖော်သည့် လေးပြင်ရပ်သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းကလည်း လုံခြုံရေးများ တင်းကြပ်နေသည့်ကြားကပင် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလေးမြို့ပေါ်တွင် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြန်သွားပြီးဖြစ်၍ လုံခြုံရေးတင်းကြပ်ထားမှုကို ပြန်လည်လျှော့ချထားပြီး မကြာခဏ ဗုံးပစ်ခံရသည့် ၆၃ လမ်း (၃၄ နှင့် ၃၅ ကြား) ရှိ အာမခံရုံးတွင်မူ လမ်းတစ်ဝက်ပိတ် ကာ လုံခြုံရေးတင်းကြပ်ထားသည်ဟု မန္တလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။ ထို့ပြင် ကညနရုံးများတွင် လူစည်ကားလျက်ရှိပြီး ယာဉ်ထိန်းရဲများက ကားများအား တားဆီးကာ လူလိုင်စင်နှင့် ယာဉ်လိုင်င်စစ်ဆေး၍ ငွေညှစ်မှုများ ရှိနေသည့်အတွက် လိုင်စင်လာလုပ်ကြခြင်းဖြစ်သည်ဟုလည်း ပြောဆိုနေကြသည်။ 

• နွားထိုးကြီးမြို့နယ်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များကိုင် ဆောင်ကာ ဒီမိုကရေစီစနစ်သာ အလိုရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မန်းအခြေစိုက် ကျောက်မျက်ရတနာ ကုန်သည်ပွဲစားများ သပိတ်စစ်ကြောင်းကလည်း လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်အာခံ ခဲ့သည်။ 

• ပြည်ကြီးတံခွန်မြို့နယ်တွင်လည်း စက်မှုစုပေါင်း၊ ဗကသ၊ အ.ထ.က (၇) နှင့် (၂၇) ကျောင်းသားများ၊ Gen-Zလူငယ် သပိတ် စစ်ကြောင်းများ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မြင်းခြံတွင် ယနေ့နံနက်ပိုင်းက တက္ကသိုလ်ဘက်ရှိ မြို့အဝင်အနီး ဖြတ်သန်းသွားလာသူများကို စစ်အုပ်စုလက်နက်ကိုင်များ က တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယမန်နေ့ည ၁၀ နာရီခွဲကလည်း အနိမ့်ရွာရှိ နေအိမ်အချို့အား ဝင်ရောက်စီးနင်းစစ် ဆေးကာ ဖုန်းနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းယူသွားခဲ့သည်။ 

• စစ်တက္ကသိုလ်အများအပြားရှိသည့် ပြင်ဦးလွင်တွင်လည်း ဒေသခံလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်သည့် စာများ ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ Paper Strike ပြုလုပ်၍ ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• တောင်သာတွင် CDM ပြုလုပ်၍ စစ်အုပ်စုအား ဆန့်ကျင်နေသည့် ပညာရေးဝန်ထမ်း ၆၅၄ ဦးကို အလုပ်မှ ယာယီရပ်ဆိုင်းထားပြီး ခြောက်ဦးကိုမူ အပြီး ထုတ်ပယ်ပစ်လိုက်သည်။ 

• မတ္တရာမြို့နယ်။ သဖန်းကိုင်အုပ်စုနေ လူငယ်များကလည်း "တိတ်တိတ်ဆိတ်ဆိတ် စက္ကူဖြူသပိတ်" အမည်ဖြင့် တော်လှန် သောစာများ ရေးသားထားသည့် စာရွက်များအား လမ်းများပေါ် ဖြန့်ခင်းကာ စစ်အာဏာရှင်စနစ်အား တွန်းလှန်အာခံ ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• ပဲခူး၊ (၆) ရပ်ကွက်၊ ပြင်စည်လမ်းပေါ်ရှိ ကညနရုံးတွင် ယမန်နေ့ည ၆ နာရီခွဲကျော်က ပေါက်ကွဲမှုဖြစ်ပွားရာ လူထိခိုက်မှု မရှိ ခဲ့သော်လည်း အဆောက်အဦအချို့ ပျက်စီးခဲ့သည်။ ပဲခူးမြို့ခံ လူငယ်များကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း ရေးအတွက် အိမ်တွင်းသပိတ်ပြုလုပ် တော်လှန်ခဲ့သည်။ 

• ဒိုက်ဦးတွင် ယမန်နေ့က ပညာရေးမှူးဗုံးပေါက်ပြီးနောက် စစ်အုပ်စုလက်နက်ကိုင်များက ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်များအား အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ မြို့သစ် (ခ) ရပ်ကွက်၊ (၅) လမ်းနေ ဦးအောင်ကျော်မိုးမှာ လက်နှင့် ပေါင်တို့တွင် ကျည်ထိမှန်ကာ သွေးထွက်လွန်၍ ကွယ်လွန်သွားခဲ့သည်။ 

• ညောင်လေးပင် အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားများညကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• တောင်ငူဒေသခံလူငယ်များကလည်း "မင်းတပ်နှင့်အတူ တို့ တောင်ငူ" ဆိုင်းဘုတ်များ လွှင့်ထူကာ စစ်အာဏာရှင်စနစ် ဆန်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ပြည်ခရိုင်၊ ပြည်မြို့တွင် စစ်အုပ်စုဘက်က မီတာခ သုံးလခစာ ပေးဆောင်ရန် မီတာစာရွက်များ လိုက်လံပေးပို့နေပြီး မဆောင်ပါက မီးဖျက်မည်ဟု ခြိမ်းခြောက်နေကြောင်းလည်း သိရသည်။ 

• ပြည်တက္ကသိုလ်ဝင်းအတွင်းရှိ သန္တာဆောင်အနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး အဆိုပါ အဆောင်တွင် ကျောင်းပြန်တက်နေသည့် ကျောင်းသူအချို့ ရှိကာ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဟု သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ယင်းမာပင်မြို့နယ် ရဲစခန်းအနီးတွင် ယမန်နေ့ည အသွားအလာကန့်သတ်ထားသည့် ည ၈ နာရီကျော်အချိန်က ပေါက်ကွဲမှု နှစ်ရပ်ဖြစ်ပွားရာ ရဲအရာရှိတစ်ဦး၏ ဇနီး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

• မုံရွာမြို့ အ.ထ.က (၅) တွင် မေလ ၁၇ ရက်၊ ည ၁၁ နာရီခွဲခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မုံရွာတွင် ယနေ့နံနက်ပိုင်းတွင် ဒေသခံများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း အာရုဏ်ဦးဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ မုံရွာမြို့ ပင်မ သပိတ်စစ်ကြောင်းကလည်း တစ်နေ့တည်း နှစ်ကြိမ်ထွက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ဆားလင်းကြီးမြို့နယ်၊ ထန်းဇင်အုပ်စုတွင်းရှိ ကျောင်းသားနှင့် မိဘပြည်သူများ စုပေါင်းကာ လူအင်အား ရာနှင့်ချီ၍ စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ယင်းမာပင်နှင့် ဆားလင်းကြီးဒေသ ရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီ၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြတော်လှန်ခဲ့ကြသည်။ 

• ယင်းမာပင်မြို့နယ်၊ မင်းကံကြီးကျေးရွာနေ ကျောင်းသားနှင့် မိဘပြည်သူများက စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဒီပဲယင်းမြို့နယ်၊ မရကန်ရွာနေ ကျောင်းသားနှင့် ပြည်သူများကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ 

• ပင်လယ်ဘူးမြို့ခံများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာရွက်များအား လမ်းမများပေါ်ခင်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• ကလေးမြို့တွင် ဒေသခံလူငယ်များက "တနိုင်ငံလုံး အားတင်းထား" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ကလေးမြို့တွင် စစ်အုပ်စုက်က မတရားဖမ်းဆီးနှိပ်စက်ခြင်းများ ပိုမိုလုပ်လာနေသည့်အတွက် ကျူးလွန်သူများနှင့် ၎င်းတို့အား သတင်းပေးကူညီနေသည့် ဒလန်များကို ချေမှုန်းရှင်းလင်းသွား မည်ဖြစ်ကြောင်း ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - KCDA က ထုတ်ပြန်လိုက်သည်။ ယမန်နေ့ည ၉ နာရီခန့်က ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်၊ ဘုရားကြီးလမ်းရှိ ဒေသခံများက စစ်အုပ်စုသတင်းပေးဒလန်အိမ်ဟု သတ်မှတ်ထား သည့် အိမ်တစ်အိမ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးပြီး သဇင်ရပ်ကွက်တွင်မူ ဒေသခံပြည်သူနှစ်ဦးအား စစ်အုပ်စုလက်နက် ကိုင်များက ဖမ်းဆီးသွားသည်။ 

• ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် ယခင်က စစ်အုပ်စုလက်နက်ကိုင် ၁၀ ဦးခန့်ဖြင့်သာ လုံခြုံရေးယူထားခဲ့ရာမှာ ယနေ့ နံနက်ပိုင်းမှစကာ အင်အား ၅၀ ခန့်အထိ တိုးမြှင့်ချထားပြီး လုံခြုံရေး တင်းကြပ်ထားသည်ဟု ကလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။ 

• မော်လိုက်မြို့နေ ပြည်သူများကလည်း "မင်းတပ်ကို ထိတာ မော်လိုက်ကို ထိတာပဲ - အားတင်းထားပါ မင်းတပ်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• တမူးမြို့ပေါ်တွင် နေ့စဉ်လိုလိုပင် စစ်အုပ်စုနှင့် တမူးမြို့လုံခြုံရေးအဖွဲ့များအကြား ပစ်ခတ်မှုအချို့ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရပြီး လမ်းပေါ်တက်ဆန္ဒထုတ်ဖော်မှုများ မရှိသလောက် ဖြစ်နေသည်။ 

• ပုလဲမြို့နယ်၊ မင်းမအရှေ့ရွာတွင် ဒေသခံ ကျောင်းသားနှင့် မိဘပြည်သူများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့သည်။

• ရေဦးမြို့ သုဿန်အတွင်းတွင် သံဃာနှင့် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင် ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• တန့်ဆည်တွင်လည်း ဒေသခံများက ဆိုင်ကယ်စီးရေ ၅၀ ခန့်ဖြင့် ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင် ရောက်ရှိနေသည့် စစ်ကိုင်းမြို့ရှိ ပညာရေးဒီဂရီကောလိပ်ရှေ့ အမှိုက်ကန်တွင် ယနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 

မကွေးတိုင်းဒေသကြီး

• ကမ္မမြို့တွင်လည်း သံဃာတော်များ ဦးဆောင်ကာ ဒေသခံများက စစ်ကြောင်းဖွင့်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မကွေးမြို့နေပြည်သူများကလည်း "နိုင်ကို နိုင်ရမည်"၊ "သွေးကြွေးမှာ ဆွေးနွေးစရာမရှိပါ" ဟု ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ အိမ်တွင်း Paper Strike ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ပြခဲ့သည်။ 

• မြိုင်မြို့နယ်တောင်ပိုင်းတွင်လည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဟောပြောမှုများ၊ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ 

• ထီးလင်းမြို့နေ ပြည်သူများကလည်း "အားတင်းထား မင်းတပ်" ဟု ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်၍ မင်းတပ်နှင့်အတူ ရှိနေကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

• ဂန့်ဂေါခရိုင်၊ သာလင်းရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ဂန့်ဂေါတွင် အခြေခံပညာဌာနမှ CDM ပြုလုပ်ကာ စစ်အုပ်စုကို ဆန့်ကျင်နေသည့် ဆရာ/ဆရာမ၊ ဝန်ထမ်း ၉၄၈ ဦးကို အလုပ်မှ ယာယီရပ်ဆိုင်းပစ်လိုက်ပြီဖြစ်သည်။ 

• ဆိပ်ဖြူမြို့နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာအုပ်သပိတ်ပြုလုပ်ခဲ့သည်။ 

• ပေါက်မြို့နယ်နေ ကျောင်းသားနှင့် လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် စစ်ကျွန်ပညာရေး အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• အောင်လံမြို့ခံများကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• စလင်းမြို့နယ်၊ တညောင်ရွာနေ လူငယ်များက စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• ရေဖြူ၊ ကံပေါက်တွင် ဒေသခံများက လူအင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• လောင်းလုံမြို့နယ်၊ မြို့ဟောင်းရွာနေ လူငယ်များက "တိုက်ပွဲရှိရင် အောင်ပွဲရှိမယ်"၊ "စစ်ကျွန်ပညာရေးအလိုမရှိ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် ရေဖြူရွာသပိတ်စစ်ကြောင်းနှင့် ပညာရေးသပိတ်စစ်ကြောင်း တို့ ပူးပေါင်း၍လည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ စစ်ပြဲ၊ ညင်းမော်၊ မောင်းမကန် စသည့်ကျေးရွာများကလည်း သပိတ်စစ်ကြောင်းများဖွင့်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။ မြခါးပိတ် ကျေးရွာတွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။ 

• ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုဘက်က အကြမ်းဖက်ဖမ်းဆီးမှုများ ရှိသည့်ကြားကပင် လမ်းမ များပေါ်တက်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ တပ်ပေါင်းစုတွင် အင်ဂျင်နီယာ၊ တကသကျောင်းသား၊ LGBT အစုအဖွဲ့နှင့် ဒေသခံပြည်သူများ ပါဝင်သည်။ 

ဧရာဝတီတိုင်းဒေသကြီး

 မအူပင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အား ကြိုဆိုကြောင်းနှင့် စစ်အာဏာရှင်စနစ် မုချကျဆုံးရေးအတွက် ဒေသခံများက Paper Strike ပြုလုပ်ခဲ့သည်။ 

• ပုသိမ်မြို့တွင်လည်း စစ်အုပ်စုဘက် မီတာပေးဆောင်ကြရန် မီတာစာရွက်များ လိုက်လံဖြန့်ဝေနေသည်ဟု သိရသည်။ 

• သာပေါင်းတွင် CDM လုပ်နေသည့် ပညာရေးဝန်ထမ်း ၈၆ ဦးအား စစ်အုပ်စုက အလုပ်မှ ထုတ်ပယ်ပစ်လိုက်သည်။ 

မွန်ပြည်နယ်

• မော်လမြိုင်၊ ဇေယျာမြိုင်ရပ်ကွက်တွင် စုပေါင်းနေထိုင်နေသည့် ကျောင်းသား/သူ ရှစ်ဦးအား ယမန်နေ့ည ၁၁ နာရီကျော်တွင် အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်ဖမ်းဆီးသွားကာ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မူ မသိရသေးပေ။ ဖမ်းဆီးခံရသူများမှာ မော်လမြိုင်တက္ကသိုလ်မှ နှစ်ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) မှ ငါးဦးနှင့် မော်လမြိုင်အဝေးသင်တက္ကသိုလ်မှ တစ်ဦးတို့ဖြစ်ကာ အသုံးအဆောင်၊ ကွန်ပျူတာနှင့် ဆိုင်ကယ်များကိုပါ သိမ်းဆည်းသွားသည်။ 

• မော်လမြိုင်မြို့ခံလူငယ်များကလည်း စစ်အုပ်စုကို တွန်းလှန်ကာ ပြည်သူ့ဘက် ရပ်၍ CDM ပြုလုပ်နေသည့် ပြည်သူ့ဝန်ထမ်း များကို ဂုဏ်ပြုသည့်အနေဖြင့် "CDM ဝန်ထမ်းအားလုံးကို ဂုဏ်ပြုသပိတ်" ပြုလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• မုဒုံနေ လူငယ်များကလည်း "တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ အာဏာရူးတစ်သိုက် အမြန်ဆုံး ကျဆုံးပါစေ" အပါအဝင် တော်လှန်သောစာများ ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ Paper Strike ပြုလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

• ပေါင်မြို့နယ်နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း စာများရေးကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။ 

ကချင်ပြည်နယ်

• မိုးညှင်းတွင် အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်များက CDM ပြုလုပ်နေသည့် အရှေ့စု (၁) လမ်းနေ ကျောင်းဆရာမ အေးမြသီတာ (၂၄ နှစ်) အား ယမန်နေ့ည ၁၀ နာရီခန့်က ဖမ်းဆီးသွားခဲ့ကာ ၎င်းအပါအဝင် အနည်းဆုံး လေးဦး ဖမ်းဆီးခံခဲ့ ရသည်။ 
• မိုးကောင်းနေ မြို့ခံလူငယ်နှင့် မိဘပြည်သူများက အာရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။

• နမ္မတီးတွင်လည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဒေသခံများက အာရုဏ်ဦးသပိတ် ပြုလုပ်ကာ ဆန္ဒ ပြခဲ့ကြသည်။

• ဖားကန့်၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း လုံခြုံရေးတင်းကြပ်မှုများရှိသည့်ကြားကပင် စစ်အာဏာရှင်စနစ် အလို မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဖားကန့်၊ မရှီကထောင်ရပ်ကွက်နေ ပြည်သူများက သပိတ်စစ်ကြောင်းဖွင့်ကာ စစ် အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ ဖားကန့် အေးမြသာယာမှော်ပေါင်းစုံ သပိတ်စစ်ကြောင်းမှာ စစ်အုပ်စုဘက်က မှော်များအတွင်းထဲထိ ကားများဖြင့် ပတ်ကာ လုံခြုံရေးတင်းကြပ်ထားသည့်အတွက် ပျောက်ကြားသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင် အာခံ ခဲ့သည်။ 

• ဒဏ်ရာရထားသည့် စစ်သားများအပါအဝင် အင်အား ၁၀၀ ကျော်ခန့် တင်ဆောင်ထားသည့် စစ်အုပ်စုပိုင် ပင်လုံသင်္ဘောမှာ ဗန်းမော်မြို့မှ ရွှေကူမြို့သို့ ဆိုက်ရောက်လာသည်ဟု သိရသည်။ အဆိုပါ သင်္ဘောမှာ ပြီးခဲ့သည့်ရက်ပိုင်းက KIA ဘက်က ကြားဖြတ်တိုက်ခိုက်ခြင်း ခံခဲ့ရဖူးသည်။ သင်္ဘောပေါ်ပါ လက်နက်ကိုင်များက ဆိပ်ကမ်းမှ မြို့တွင်းသို့ ယာဉ်တန်းဖြင့် ဖြတ်သန်းစဉ် ဓာတ်ပုံရိုက်သည်ဟုဆိုကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးသွားသည်။ အဆိုပါနှစ်ဦးအား စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်တွင် ပြန်လည်လွတ်ပေးလိုက်သည်ဟု သိရသည်။

• ဟိုပင်မြို့နယ်နေ ပြည်သူများကလည်း NUG အစိုးရနှင့် PDF, KNU, KIA နှင့် CRPH တို့အား ထောက်ခံကြောင်းဆိုင်းဘုတ် များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဖော်ထုတ်ပြသခဲ့သည်။ 

ကရင်ပြည်နယ်

• စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်းကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသခံများက ဝင်းရော်ဒေသလမ်းမကြီးများတွင် ဆိုင်ကယ်များဖြင့်လှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။

• ဘုရားသုံးဆူမြို့တွင်လည်း ကျောင်းသား/သူနှင့် မိဘပြည်သူများက စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ချင်းပြည်နယ်

• ဟားခါးမြို့၊ ကျောဘုတ်လုံခြုံရေးဂိတ်အနီးတွင် ယမန်နေ့ ညနေပိုင်းမှ ညပိုင်းအထိ Chinland Defense Force – Hakha နှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား ပစ်ခတ်မှုများရှိခဲ့ကာ စစ်အုပ်စုဘက်ကမှ ငါးဦ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု CDF ဗဟို က ထုတ်ပြန်ထားသည်။ 

• မင်းတပ်မြို့ခံများအတွက် အရေးကြီးသည့် သောက်သုံးရေလိုင်းကို ယမန်နေ့ညပိုင်းက စစ်အုပ်စုက ဖြတ်တောက်ထားလိုက် သည်ဟု သိရသည်။ မြို့အနောက်ဘက် ၉ မိုင်နေရာရှိ စစ်အုပ်စု၏ ၂၇၄ တပ်ရင်း တပ်စွဲထားသည့်နေရာမှ ဖြတ်တောက်ပစ်လိုက်ခြင်းဖြစ်ပြီး နောက်နှစ်ရက်အတွင်း မြို့တွင်း၌ သောက်သုံးရေ ပြတ်တောက်နိုင်သည်ဟု သိရသည်။ 

• မင်းတပ်တွင် ယမန်နေ့က အကြမ်းဖက်စစ်အုပ်စုက မြို့လယ်တွင် အကြောင်းမဲ့ပစ်ခတ်မှုများကြောင့် လည်ပင်းကျည်ထိမှန် ထားသည့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်အား ဆေးကုသနိုင်ရန်အတွက် ပခုက္ကူသို့ ပို့ဆောင်ထားသည်ဟု သိရသည်။ မင်းတပ်တွင် စစ်အုပ်စုဘက်က အင်အားအပြည့်ဖြင့် လက်နက်ကြီးသုံး တိုက်ခိုက်နေမှုများကြောင့် ဒေသခံများ နေအိမ်စွန့် ခွာတိမ်းရှောင်နေရကာ လက်ရှိတွင် ပြည်သူ ၅၀၀ အထိ ရှိလာပြီဟု သိရသည်။ 

• ချင်းပြည်နယ် ကိုးမြို့နယ်ရှိ မြန်ာ့စီးပွားရေးဘဏ်များမှာ ဝန်ထမ်း ၉၁ ဦးကို စစ်အုပ်စုကို ဆန့်ကျင်ကာ CDM ပြုလုပ်သည့် အတွက် အလုပ်မှ ထုတ်ပယ်လိုက်သည်။ 

• တီးတိန်တွင် ယနေ့နေ့လယ် ၁၂ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက စစ်ကားတစ်စီး အင်အားအပြည့်အပြင် ခြေလျင် တက်လာသည့် စစ်သား ၃၀ ကျော်ဖြင့် မြို့တွင်းသို့ ဝင်ရောက်သွားခဲ့သည်။ 

ရှမ်းပြည်နယ်

• ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်းရှိ လွယ်ပေါကျေးရွာတွင် ဒေသခံများက ဒလန်ဟု ယူဆထားသည့် လင်မယားနှစ်ဦးအား ယမန်နေ့ည ၈ နာရီဝန်းကျင်က အမည်မသိ လက်နက်ကိုင်တစ်စုလက်ချက်ဖြင့် အသက်ခံခဲ့ရသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာသို့ စက်လှေများဖြင့် စစ်အုပ်စုလက်နက်ကိုင်များက အင်အား ၃၀ ခန့်ဖြင့် ထွက်ခွာသွားကြောင်းသိရသည်။ 

• တောင်ကြီးတွင် ယနေ့နံနက်ပိုင်း အထက်တန်းပြကျောင်းဆရာတစ်ဦးဖြစ်သည့် ကိုပြည့်ဖြိုးဝင်းအား စစ်အုပ်စုလက်နက် ကိုင်များက နံနက် ၂ နာရီခွဲတွင် ဖမ်းဆီးသွားခဲ့သည်။ 

• ကွတ်ခိုင်မြို့နှင့် တစ်မိုင်ကျော်သာ ကွာသည့် နမ့်ပါးချီရွာအနီးတွင် KIA နှင့် စစ်အုပ်စုတပ်ဖွဲ့များအကြား နံနက် ၇ နာရီခွဲဝန်းကျင်မှစ၍ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လောင်စာဆီတင် ဘောက်ဇာကားတစ်စီး မီးလောင်သွားခဲ့သည်။ 

• ဟိုပုံးတွင် ဒေသခံများက ရှမ်းရိုးရာ ဆန်ပန်းပေါက်ပေါက်နှင့် ဘယာကြော်များ ကြော်ကာ နွေဦးကာလအတွင်း ကျဆုံးခဲ့သည့် သူရဲကောင်းများအတွက် ဆုတောင်းမှုပြုကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• နမ့်ခမ်းမြို့တွင် ယနေ့နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်က သုံးမိနစ်အတွင်း ပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

• အောင်ပန်းတွင်လည်း ဒေသခံများက စစ်အုပ်စုဘက်က မိန်းကလေးများအပေါ် လိင်မှုဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်ပေးရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

• မူဆယ်မြို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းကလည်း မြို့ပေါ်ကျောင်းအချို့ရှေ့နှင့် ရပ်ကွက်များအတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

ရခိုင်ပြည်နယ်

• မြောက်ဦးတွင် ခေတ်မီလက်နက် စမ်းသပ်ပစ်ခတ်မည့်အစီအစဉ်အား စစ်အုပ်စုဘက်က ယနေ့တွင် ဖျက်သိမ်းလိုက်သည်။ မြောက်ဦးတွင် အမှတ် ၃၁ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ မေလ ၁၀ ရက်မှ ၂၁ ရက်အထိ သင်တန်းပေးနေရာ သငတန်းအတွင်း လေ့ကျင့်ပစ်ခတ်မှုများပါ ပါရှိသည့်အတွက် ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်မည့် အနီးအနားရှိ ကျေးရွာ ၁၀ ကျော်မှ လူများအား ရှောင်တိမ်းထားခိုင်းသည်။ 

• တောင်ကုတ် NLD ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် အခြားသူ သုံးဦးအမှုအား မြို့နယ်တရားသူကြီး မရှိ၍ မေလ ၂၇ ရက်တွင် ထပ်မံရုံးချိန်းထားသည်။ 

• ပေါက်တောမြို့နယ်တွင် CDM လုပ်ကာ စစ်အုပ်စုကို ဆန့်ကျင်နေသည့် ပညာရေးဝန်ထမ်း ဆရာ/ဆရာမ ၁၅ ဦးကို အလုပ်က ယာယီရပ်ဆိုင်းပစ်လိုက်သည်။

မေ ၁၈ သုံးသပ်ချက်

• ရန်ကုန်တွင် ပျောက်ကြားသပိတ်နှင့် လှုပ်ရှားမှုများသာ ရှိနေခဲ့ကာ ပေါက်ကွဲမှုနှင့် မီးလောင်မှုများ ပိုမိုဖြစ်ပွားလာလျက် ရှိသည်။ ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် လူနှင့် ယာဉ်လိုင်စင်မလုပ်နိုင်သေးသည့် သူများအား တားဆီးစစ်ဆေးကာ ငွေညှစ်မှုများ ပိုမိုများပြားလာနေသည်။ စစ်အုပ်စုဘက်က လမ်းမတော်မြို့နယ် ဗုံးကွဲမှုနှင့် အုပ်ချုပ်ရေးမှူး အသတ်ခံရမှုများကြောင့် သပိတ်ကြီးများ မရှိတော့သည့်နောက်ပိုင်း အင်အားအနည်းငယ်သာ သုံးနေရာမှာ အင်အားအများအပြား ပြန်လည်အသုံးပြုလာခဲ့သည်။

• မန္တလေးတွင် စစ်အုပ်စုခေါင်းဆောင် ရောက်ရှိခဲ့၍ လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် သပိတ်ကြီးများ ရှိနေဆဲဖြစ် သည်။ စစ်အုပ်စုဘက်က ပိုက်ဆံရှာပေးနိုင်သည့် ရုံးများအား အလျင်အမြန် လည်ပတ်နိုင်ရန် ကြိုးစားနေပြီး ရုံးလုံခြုရေးအ တွက်လည်း လုံခြုံရေးများ တင်းကြပ်ထားလျက် ရှိသည်။ 

• စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်တွင် စစ်အုပ်စုဘက်က ဖြတ်လေးဖြတ်ပုံစံဖြင့် ပြည်သူများအား ဖိနှိပ်မှုများ လုပ်ဆောင်နေပြီး နိုင်ငံတကာနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို မျက်ကွယ်ပြုထားသည်။ မင်းတပ်ဖြစ်စဉ်မှတစ်ဆင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် စစ်အုပ်စုနှင့် ပြည်သူများအကြား တိုက်ပွဲများ ဆက်ရှိနေဦးမည် ဖြစ်သည်။ 

• သပိတ်အင်အားကောင်းသည့် ကချင် (ဖားကန့်) နှင့် တနင်္သာရီတို့တွင် စစ်အုပ်စုက အင်အားသုံးဖြိုခွဲရန်နှင့် သတင်းပေးဒလန်များအကူအညီဖြင့် သပိတ်ခေါင်းဆောင်များ ဖမ်းဆီးရေးကို အာရုံစိုက်လုပ်ကိုင်လျက် ရှိသည်။ 

• အခြားတိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးနှင့် ကျေးရွာများတွင် သပိတ်များ ပိုမိုအားကောင်းလာကာ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ ဖွဲ့စည်းမှုများလည်း ပိုမိုများပြားလာလျက် ရှိသည်။ အချို့မြို့များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တန်ပြန်ခုခံ ရေးကာကွယ်မှုအဖြစ် သတိပေးစာများ ထွက်လာနေလျက် ရှိပြီး စစ်အုပ်စုဘက်က သပိတ်နှင့် CDM ခေါင်းဆောင်များ ဖမ်း ဆီးနိုင်ရေးကို အာရုံစိုက်လျက် ရှိသည်။ 

• စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်က ဗမာတိုင်းရင်းသား အများစုရှိသည့် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များ သို့ သွားလာနေပြီး ဒေသတွင်းငြိမ်းချမ်းရေး ရှိလာစေရန် သက်ဆိုင်ရာ နစကများကို လိုက်လံညွှန်ကြား ခိုင်းစေလျက် ရှိသည်။ စစ်အုပ်စုဘက်က ပြည်သူများအပေါ် လူမဆန်စွာ သတ်ဖြတ်နေမှုအား နိုင်ငံတကာက ဖိအားပေးနေသော်လည်း ပြည်တွင်းဒီမိုကရေစီရေး လှုပ်ရှားမှုများအပေါ်သာ အာရုံစိုက်လျက် ရှိသည်။ စစ်အုပ်စုဘက်တွင် တပ်ပြေးမှုနှင့် CDM လုပ်မှု များ ပြန်လည်ရှိလာနေပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲများတွင်လည်း အထိအခိုက် အများအပြား ရှိနေဆဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly