ကရင်ပြည်နယ်တွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်တွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
ဓာတ်ပုံ - Salween Press

၃ ရက်နေ့ မေလ ၂၀၂၁

ကရင်ပြည်နယ် ဖာပွန်ဒေသ အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( KNLA ) တပ်များ လှုပ်ရှားရာ ပွားဒဲဒေသကို ယနေ့  မေလ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်များက လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု KNU တပ်က မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။  

ဖာပွန်ခရိုင်အတွင်းရှိ ပွားဒဲကျေးရွာအနီးအနားကို ၁၂ နာရီ မထိုးခင်အချိန်က လေယာဉ်နှစ်စင်းဖြင့် ရောက်ရှိလာပြီး ဗုံး လေးလုံးပစ်ချသွားခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗဒိုစောမန်းမန်းက ပြောသည်။

“သံလွင်မြစ်ကမ်းနား ဒါးခွင်ဘက်မှာတော့ မပစ်တော့ဘူး။ ပေါ့ထပွားဒဲဘက်မှာတော့ ဗုံး လေးလုံး လာပစ်ချ သွားတယ်။ လေယာဉ် နှစ်စီးနဲ့ ၁၂ နာရီမထိုးခင်မှာ နောက်ပိုင်းတော့ မသိရသေးဘူး။”ဟု ၎င်းက ဆို သည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် နေထိုင်သည့် Baan Tha Ta Fang ကျေးရွာ ဒေသခံများအနေဖြင့် အနီးစပ်ဆုံးမြို့ဖြစ်သော မဲ့စလင်းရမ်မြို့အနီးအနား ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြသည်။ 

ထို့အပြင် မြန်မာနိုင်ငံဘက်ခြမ်းရှိ စစ်ဘေးရှောင် လူဦးရေ ၁၀၀၀ ခန့်ဟာ သံလွင်မြစ်ကမ်းနားတလျှောက် နေထိုင်လျက်ရှိပြီး ထိုင်းနိုင်ငံဘက်ကမ်းကို ဝင်ရောက်ဖို့ ကြိုးစားနေကြောင်း သိရသည်။ ထိုင်းသတင်းများအရ လတ်ရှိ အချိန်တွင် ထိုင်းနိုင်ငံ နယ်စပ်ကျေးရွာများတွင် လူဦးရေ ၂၀၀၀ ကျော်ရောက်ရှိနေပြီး ဖြစ်သည်။ 

ဗဒို မန်းမန်း၏ ပြောပြချက်အရ မြန်မာနိုင်ငံဘက်ကမ်း သံလွင်မြစ်ကမ်းနားရှိ စစ်ဘေးရှောင်များကို ကရင် အရပ်ဘက်အဖွဲ့အစည်းများ ( CSO ) နှင့် Karen Thai Group ( KTG ) လူမှု့အဖွဲ့အစည်းတို့က အစားအသောက်များ ထောက်ပံ့ပေးနေကြောင်း သိရသည်။  

မေလ ၂ ရက်နေ့က စစ်ကောင်စီတပ်များ တိုက်လေယာဉ်များ အသုံးပြု၍ (KNLA) နယ်မြေ များကို တိုက်ခိုက်နေ သည့် ကိစ္စနှစ် ပတ်သက်၍ ထိုင်းနိုင်ငံ ဘက်ခြမ်းတွင် နေထိုင်သည့် ဒေသခံ များ အန္တရာယ် ကျရောက်နိုင်တာ ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကိုပါ ထိခိုက်နိုင်ကြောင်း အသိပေး စာတစ်စောင်ကို ကရင်ပြည် နယ် မြဝတီမြို့ရှိ နယ်စပ်ရေးရာ ကော်မတီ တာဝန်ရှိသူထံ ထိုင်းအစိုးရ နယ်စပ်ကော်မတီက စာတစ်စောင်ပေးပို့ထားကြောင်း ထိုင်း နိုင်ငံ မဲ့စလင်းရမ်မြို့ အစိုး ရက လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာတွင် ထိုင်းဘာ သာဖြင့် ရေးသားထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required