BioNTech နဲ့ Pfizer တို့ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒီဇင်ဘာလမှာ ဖြန့်ချိနိုင်မယ် 

BioNTech နဲ့ Pfizer တို့ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒီဇင်ဘာလမှာ ဖြန့်ချိနိုင်မယ် 
Photo - AFP

နိုဝင်ဘာ ၂၀ 

အမေရိကန်မှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၂၅၀ ၀၀၀ ကျော်ရှိသွားပြီး ကမ္ဘာ့သေဆုံးမှုအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေစဉ်မှာပဲ ကာကွယ်ဆေးထုတ်တဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech က အဆောလျင်ဆုံး ဒီဇင်ဘာလမှာ ကာကွယ်ဆေး ဖြန့်ချိနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ နိုဝင်ဘာ ၁၉ မှာပြောလိုက်ပါတယ်။ 

ရလဒ်ကောင်းတွေထွက်နေတဲ့ ကာကွယ်ဆေးလက်တွေ့စမ်းသပ်မှုများစွာက ကမ္ဘာတစ်ဝန်း လူပေါင်း ၁.၃ သန်းထက်မနည်းသေဆုံးစေခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို အဆုံးသတ်စေဖို့ မျှော်လင့်ချက်တွေ ပေးလျက်ရှိပါတယ်။ 

ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကူးစက်မှုအသစ်တွေကို ရပ်တန့်နိုင်လောက်အောင် ဘယ်ကာကွယ်ဆေးမှ အမြန်မရနိုင်ဘူးလို့ သတိပေးခဲ့ပြီး  ဗိုင်းရပ်စ်တားဆီးရေးကန့်သတ်ချက်တွေကို ပြန်လည်ပြဋ္ဌာန်းဖို့ အစိုးရတွေကို တိုက်တွန်းနေပါတယ်။  

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေထဲမှာ ဘိုင်ရွန်တက် (BioNTech) နဲ့ ဖိုက်ဇာ (Pfizer) တို့ပူးပေါင်းထုတ်တဲ့ ကာကွယ်ဆေးနဲ့ အမေရိကန်ကုမ္ပဏီ မိုဒန်နား (Moderna) ရဲ့ ကာကွယ်ဆေးတို့က ဦးဆောင်လျက်ရှိပါတယ်။  

Moderna ရဲ့ ကာကွယ်ဆေးရဲ့ လက်တွေ့စမ်းသပ်မှုအချက်အလက်တွေက ၉၅ % နီးပါး ထိရောက်မှုရှိတဲ့ကြောင်း ဒီလအစောပိုင်းမှာ ကြေညာချက်ထွက်လာခဲ့ပါတယ်။  

BioNTech ရဲ့အမှုဆောင်အရာရှိချုပ် အိုးရှာဟင်က “အမေရိကန် ဒါမှမဟုတ် ဥရောပ ဒါမှမဟုတ် ဒေသနှစ်ခုစလုံးဆီကနေ ကာကွယ်ဆေးအတွက် သဘောတူညီချက်ရနိုင်မယ့် အခွင့်အရေးရှိပါတယ်။ အားလုံး နီးနီးကပ်ကပ်နဲ့ အတူတကွပူးပေါင်းလုပ်ဆောင်ကြရင် ကာကွယ်ဆေးကို ဒီဇင်ဘာမှာ အစောဆုံး စတင်ဖြန့်ချိနိုင်လောက်ပါတယ်” လို့ပြောပါတယ်။ 

ဥရောပကော်မရှင် အကြီးအကဲ အာဆူလာ ဝန်ဒါလေယန်ကလည်း သူတို့အနေနဲ့ ကာကွယ်ဆေး နှစ်မျိုးစလုံးကို စောနိုင်သမျှ ဒီဇင်ဘာ လဝက်လောက်မှာ အတည်ပြုသွားနိုင်တယ်လို့ ပြောပါတယ်။ 

Oxford တက္ကသိုလ်နဲ့ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်တဲ့ စမ်းသပ်ဆဲကိုဗစ်ကာကွယ်ဆေးကလည်း ကျန်းမာရေးကောင်းတဲ့သက်ကြီးပိုင်းတွေမှာ သိသာတဲ့ ကိုယ်ခံအားတုန့်ပြန်မှု သိသိသာသာပြသခဲ့ပြီး လူငယ်ပိုင်းတွေမှာတော့ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိတယ်လို့ ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။  

တရားဝင်သတင်းရင်းမြစ်တွေအရ နိုဝင်ဘာ ၁၉ ရက် ကြာသပတေးနေ့အထိ ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူပေါင်း ၅၆ သန်းကျော်နဲ့ အနည်းဆုံး ၁ ၃၅၀ ၂၇၅ ဦးသေဆုံးထားပြီဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required