ပြည်သူတွေ နိုင်တယ်

ပြည်သူတွေ နိုင်တယ်

ခေတ်ပြောင်းခေတ်လွဲ ရွေးကောက်ပွဲဟု တင်စားခြင်းခံရသည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် အနည်းငယ်သော နည်းစနစ်ပိုင်းဆိုင်ရာ အခက်အခဲအချို့ ရှိခဲ့သည်မှလွဲ၍ အောင်မြင်စွာဖြင့် ကျင်းပပြီးစီးခဲ့ သည်။ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့် အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ မိသားစုက လည်း မြန်မာအစိုးရနှင့် မြန်မာပြည်သူများသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ဖော် ပြောကြားကြသည်။ ထို့အတူ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီသို့ လည်း ဂုဏ်ယူကြောင်း ထိုသူတို့က ပြောကြဆိုကြသည်။

နိုဝင်ဘာ ၁၃၊ သောကြာမွန်းလွဲပိုင်း သတင်းများအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် လက်ရှိ အဓိကပါတီကြီးမှသည် ရွေးကောက်ပွဲ၏ အနိုင်ရပါတီဖြစ်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)သည် အစိုးရသစ် ဖွဲ့စည်းရန် လိုအပ်နေသော ပြည်ထောင်စု လွှတ်တော် တွင်း ခုံနေရာအရေအတွက်ကို လိုအပ်သည်ထက်များစွာ ပိုလွန်စွာဖြင့်အောင်နိုင်ခဲ့ သဖြင့် တောင်ပြိုကမ်းပြို အနိုင်ရပြီဖြစ်ကြောင်း ကမ္ဘာသိ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အင်န်အယ်လ်ဒီ၏ အောင်ပွဲသည် တိုင်းပြည်၏ အောင်ပွဲ (ဝါ) ပြည်သူတို့၏ အောင်ပွဲဖြစ်ကြောင်းကို ရှေးဦးမဆွကတည်းက ပြောခဲ့ပြီးဖြစ်သည်။ အောင်နိုင်သူများသည် တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေပေးရန်နှင့် ရှုံးနိမ့်သူများသည် ဂုဏ်သိက္ခာရှိရှိဖြင့် ရှုံးနိမ့်ကြရန်ကိုလည်း ဒေါ်အောင် ဆန်းစုကြည်က ရွေးကောက်ပွဲအလွန် နောက်တစ်ရက်တွင် ပြောကြားထားပြီး ဖြစ်သည်။

မြန်မာ့ အပြောင်းအလဲသည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောင်းလဲနိုင်ခဲ့ကြောင်းနှင့် မြန်မာပြည်သူများ သည် စည်းကမ်းသေဝပ်ကြပြီး မိမိတို့၏ ဆုံးဖြတ်ချက်ကို ရွေးကောက်ပွဲ နည်းလမ်းအား စနစ်တကျဖြတ်သန်းခြင်းဖြင့် အကောင်းဆုံး ပြသနိုင်ခဲ့ကြောင်း နိုင်ငံတကာ မီဒီယာများကလည်း အကောင်းမြင် ရေးသားခဲ့ကြ သည်။ ပြည်တွင်းပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ ကလည်း ရွေးကောက်ပွဲတွင် နည်းစနစ် ပိုင်းဆိုင်ရာ အချွတ်အချော် အနည်းငယ်ရှိခဲ့သည်မှအပ များစွာ အဆင်ပြေကြောင်းကို အစီရင်ခံစာများ ထုတ်ပြန်၍ ထောက်ခံခဲ့ကြသည်။

သို့ဆိုလျှင် စစ်အာဏာရှင်များနှင့် အကြွင်းအကျန်များ၏ လွှမ်းမိုး ချုပ်ကိုင်မှုမှသည် ပြည်သူများ၏ ချုပ်ကိုင် ဆုံးဖြတ်ချက်ဖြင့် ရွေးချယ် ဆန္ဒပြုနိုင်သည့် ခေတ်သစ်တစ်ခေတ်သည် အနှေးအမြန်ပေါ်ပေါက် လာပြီဖြစ်ကြောင်း ကောက်ယူ သုံးသပ်နိုင်ပါသည်။ နိုင်ငံ၏ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သူမှာ ပြည်သူများဖြစ်ကြောင်းကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲက သက်သေခံခဲ့သည်။

သို့ဆိုလျှင် ပြည်သူများ အနိုင်ရသည်ဟု မဇ္ဈိမက ကောက်ချက်ချသည်။ အင်န်အယ်လ်ဒီက တောင်ပြိုကမ်းပြို အနိုင်ရခြင်းသည် ပြည်သူတို့၏ အောင်ပွဲဟု ကောက်ယူသုံးသပ် လင့်ကစား ဟိုမှာဘက်တွင် အခက်အခဲများ၊ အတားအဆီးများနှင့် ခုခံမှုများက များစွာ ရှိနေဦးမည်သာ ဖြစ်သည်။ ခေတ်ပြောင်းခေတ်လွဲဆိုသည်မှာ စင်းလုံးချော ချောမွေ့နေလိမ့်မည်ဟူ၍ တသမတ်တည်း နားလည်ထား၍ မရနိုင် ပါ။ လက်ရှိအစိုးရ၊ တပ်မတော်နှင့် ယင်းတို့နှင့် အသားကျနေသူများသည် ပြည်သူအ များစု၏ ဆုံးဖြတ်ချက်ကို လိုက်နာပေးရန်မှာ ကြီးစွာသော စိန်ခေါ်ချက်အဖြစ် ရှိနေပါလိမ့်ဦးမည်။

အာဏာလွှဲပြောင်းရေးသည် လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ အကြိမ်ကြိမ်အထပ်ထပ် ကမ္ဘာသိမြန်မာသိ ပြောဆိုထားသော် ကတိစကား များကြောင့် အဆင်ပြေနိုင်ကောင်းသည်ဟု မျှော်လင့်ရပါသည်။ သို့ရာတွင် ရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့ရသည့်အတိုင်း နည်းစနစ်ပိုင်းဆိုင်ရာ အခက်အခဲတချို့ကို မလွဲမသွေ ကျော်ဖြတ်ကြရပါဦးမည်။

တိုင်းပြည်၏ အချုပ်အခြာအာဏာကို စစ်အစိုးရအဆက်ဆက်နှင့် ၎င်းတို့ကို ဆက်ခံသူများက နှစ်ပေါင်း ၅၀ ကျော်ကြာအောင် ကိုင်တွယ်ထားသည်ဖြစ်ရာ ယင်းအာဏာရှင်များနှင့် အဆက်အနွှယ်များ သည် ပြည်သူတို့က ၎င်းတို့ကိုယ်စား စီမံခန့်ခွဲ အုပ်ချုပ်ပေးပါရန် ရွေးချယ်ထားသော ဆန္ဒရှိသူများကို လွှဲပြောင်းပေး သည်ဟုလည်း တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသည် ဖြစ်သောကြောင့် အပြောလွယ် အလုပ်ခက် ဖြစ်ကောင်း ဖြစ်နိုင်ပါသေးသည်။

မည်သို့ဆိုစေ နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်းတွင် မြန်မာသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတ ကာကပါ အံ့သြမှင်သက်မိစေအောင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဖြင့် သန့်သန့်ရှင်းရှင်း ထုတ်ဖော် ပြသနိုင်ခဲ့ပြီ။ တစ်နည်းဆိုရလျှင် နိုင်ငံတကာ မိသားစုတွင်းသို့ ဝံ့ထည်သော မြန်မာသည် ပြန်လာရန် အသင့် ရှိကြောင်း ဒေသတွင်းမှသည် ကမ္ဘာသို့ သံချောင်းခေါက်လိုက်ပြီ ဖြစ်သည်။ မဇ္ဈိမကမူ ပြည်သူတွေ နိုင်ခဲ့ပြီဟု ရိုးရိုးရှင်းရှင်း ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required