ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ရက်အတွင်း ၂၆၀,၀၀၀ နီးပါးအထိ စံချိန်တင်

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ရက်အတွင်း ၂၆၀,၀၀၀ နီးပါးအထိ စံချိန်တင်

ဇူလိုင် ၁၉

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်သည် နှစ်ရက်ဆက်တိုက် စံချိန်တင် မြင့်တက်ခဲ့ကြောင်းနှင့် ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၂၅၉,၈၄၈ ဦးအထိ ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်သည်။

တစ်နေ့တာအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ အများဆုံး နိုင်ငံများမှာ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနှင့် တောင်အာဖရိကတို့ ဖြစ်ကြောင်း ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် WHO ၏ တစ်နေ့တာ အစီရင်ခံစာတစ်ရပ် တွင် ဖော်ပြထားသည်။

WHO ၏ တစ်နေ့တာအတွင်း ဗိုင်းရပ်စ်ကူးစက်မှုသစ် တွေ့ရှိမှုနှုန်း ယခင်စံချိန်သည် ပြီးခဲ့သည့် သောကြာနေ့က ၂၃၇,၇၄၃ ဦးဖြစ်သည်။

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုပိုင်းတွင် ၇,၃၆၀ ဦး ထပ်မံမြင့်တက်ခဲ့ပြီး ယင်းသည် မေလ ၁၀ ရက်နောက်ပိုင်း တစ်နေ့တာအတွင်း အများဆုံးသော မြင့်တက်မှုလည်း ဖြစ်သည်။

ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းသည် ဇူလိုင်လတွင် တစ်နေ့လျင် ပျမ်းမျှ ၄,၈၀၀ နှုန်း ရှိနေပြီး ယင်းက ဇွန်လက တစ်နေ့လျင် ပျမ်းမျှ ၄,၆၀၀ နှုန်းထက် အနည်းငယ် မြင့်တက်လာခြင်းလည်း ဖြစ်သည်။

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေသည် ဇူလိုင် ၁၇ ရက်က ၁၄ သန်းကို ကျော်လွန်ရောက်ရှိထားခဲ့ပြီ ဖြစ်ကာ ယင်းသည် ခုနစ်လတာအတွင်း တကမ္ဘာလုံးတွင် လူပေါင်း ခြောက်သိန်းနီးပါးကို သေဆုံးစေခဲ့သော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု၏ နောက်ထပ် မှတ်တိုင်သစ်တစ်ခုလည်း ဖြစ်လာခဲ့သည်။

နာရီပေါင်း ၁၀၀ အတွင်းမှာပင် ကမ္ဘာတဝန်း ဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်သန်းအထိ ထပ်တိုးခဲ့ခြင်း ဖြစ်သည်။

အမေရိကန်တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၇၁,၄၈၄ ဦး ၊ ဘရာဇီးတွင် ၄၅,၄၀၃ ဦး၊ အိန္ဒိယတွင် ၃၄,၈၈၄ ဦး နှင့် တောင်အာဖရိကတွင် ၁၃,၃၇၃ ဦး ထပ်တိုးကြောင်း WHO က ဖော်ပြသည်။

အိန္ဒိယသည်လည်း ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်သန်းကျော် အထိ ရှိသွားခဲ့ပြီး ယခုအခါ အမေရိကန်နှင့် ဘရာဇီး၏ နောက် တတိယမြောက် ဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးရွားဆုံးခံ နေရသည့် နိုင်ငံ ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required